address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 29, 2014

အပစ်အခတ်ရပ်စဲမှု နှစ်ဖက်စောင့်ကြည့်ရေးအစီအစဉ် အသက်ဝင်ရန်လို


29.9.2014

အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူညီချက်စာချုပ် ချုပ်ဆိုထားပြီး အဖွဲ့အချို့တိုက်ပွဲ များ ပြန်လည် ဖြစ်ပွားလာမှုကို ထောက်ပြပြီး အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ကြီးကြပ်ရေးယန္တရား များ အမြန်အသက်သွင်းရန်လို အပ်နေပြီဖြစ်ကြောင်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲများတွင် ပါဝင်နေ သူများက တိုက်တွန်းကြသည်။

စက်တင်ဘာ တစ်လတည်း အတွင်း၌ အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားမှု (၁၆) ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းအနက် အပစ်ရပ်လက်မှတ်ရေးထိုးပြီး အဖွဲ့များနှင့် ပြန်လည်တိုက်ခိုက်မှုများလည်း ပါဝင်နေသည်။ သမ္မတဦးသိန်းစိန်လက်ထက်တွင် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်(၁၄) ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး၊ နှစ်ဖက်သဘောတူညီချက်များရရှိထားပြီးသည့် အနက် ယင်းစာချုပ်များ၌ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ကြီးကြပ်ရေး အစီအစဉ်မပါဝင်ပေ။ ၂၀၁၄ ဒုတိယနှစ်ဝက်အတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP\SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS\SSA) နှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခဲ့ပြီး ယခုလ အတွင်းတွင်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU\KNLA-PC) တို့နှင့် ထိ တွေ့မှုရှိခဲ့သည်။ ယခုနောက်ဆုံး ပင် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)နှင့် အစိုးရ တပ်မတော်ကြား လက်ရှိတိုက်ပွဲ ပြန်လည်ဖြစ်ပွားနေသည်။ ယင်း အဖွဲ့များအားလုံးနှင့် အစိုးရကြား တွင် အပစ်အခတ်ရပ်စဲရေးနှစ် ဖက်သဘောတူညီချက်များ လက်မှတ်ရေးထိုးထားပါလျက်ပြန်လည်ဖြစ်ပွားနေကြခြင်း ဖြစ်သည်။

‘‘နှစ်ဖက်အပစ်ရပ်သဘော တူညီချက်မှာ အပစ်အခတ်ရပ်စဲ မှုစောင့်ကြည့်ကြီးကြပ်ရေးဆိုတာ မရှိခဲ့ပါဘူး။ ဒီစောင့်ကြည့်မှုက အရမ်းအရေးပါတယ်။ ပြဿနာ ဖြစ်လာရင် ဘာကြောင့်ဖြစ်တာ လဲဆိုတာကို ဖော်ထုတ်ပေးမယ်။ တိုင်တန်းနိုင်မယ်၊ စိစစ်မယ့်လူ တွေက ဘယ်သူမှားတယ်၊ ဘယ် သူမှန်တယ်ဆိုတာ ဆုံးဖြတ်မယ်၊ Action ပေးမယ်ဆိုရင် ငြိမ်းချမ်း ရေးက ပြေလည်ချောမွေ့သွား မယ်လို့ ကျွန်တော်တို့ဘက်က ယုံ ကြည်တယ်’’ဟု DKBA အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးစော လုံ့လုံ့ကပြောသည်။

‘‘ရှေ့လ NCA ဆွေးနွေးချိန် မှာ သက်သက်အချိန်ဖယ်ပြီး ဒီ အတွက် ဆွေးနွေးဖို့လုပ်ရမယ်’’ ဟု ၎င်းကဆိုသည်။

အပစ်အခတ်ရပ်စဲမှုစောင့် ကြည့်ကြီးကြပ်ရေးယန္တရားနှင့် ပတ်သက်သည့်အချက်ကို တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) မူကြမ်းတွင် ထည့် သွင်းရေးဆွဲထားသည်။ လက်ရှိ တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ကို ကိုယ်စားပြုသည့် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့အ ကြား NCA ဆွေးနွေးပွဲမှာ အဆုံး မသတ်နိုင်သေးပေ။ NCA လက် မှတ်ထိုးပြီးမှသာ ယင်းအချက်ကို အကောင်အထည်ဖော်နိုင်မည့် အနေအထားတွင် ရှိနေသည်။

‘‘အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်မယ်၊ ဖြစ်ရင်ချက် ချင်းဖြေရှင်းရမယ်။ အခုကဖြစ် ရင်ဘယ်မှာ သွားဖျန်ဖြေနိုင်လို့ လဲ၊ အပစ်အခတ်ရပ်စဲမှုစောင့် ကြည့်ကြီးကြပ်ရေးကော်မတီမှ မရှိတာ။ အဲဒီအတွက် NCA အမြန်ချုပ်ဖို့လိုတယ်။ စောင့် ကြည့်ယန္တရားကို အမြန်ထားဖို့လို တယ်’’ဟု NCCT အဖွဲ့ဝင် ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

၎င်းက ဆက်လက်ပြီး ‘‘ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ ပထမအ ဆင့်အနေနဲ့ NCA ချုပ်နိုင်ဖို့အ တွက် နှစ်ဖက်ကြိုးစားနေချိန်မှာ ဖြစ်တာမကောင်းပါဘူး။ ဒါတွေ ရပ်ဖို့ ကြိုးစားနေချိန်မှာ ပြန်ဖြစ် တော့ လုပ်လို့ မဆုံးတော့ဘူး’’ ဟု ကရင်ပြည်နယ်တွင် လတ်တ လောဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း၌ အပစ် အခတ်ရပ်စဲရေးစောင့်ကြည့်ကြီး ကြပ်ရေးဖွဲ့စည်းရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား နှစ်ဖက်သဘောတူ ထားသည်။ သို့သော်ဖွဲ့စည်းပုံ၊ ဆောင်ရွက်မည့်သူ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့်အဆင့်စသည့်အချက် များကို ဆက်လက်ဆွေးနွေးညှိ နှိုင်းရန် ကျန်ရှိနေဆဲဖြစ်သည်။

‘‘NCA လက်မှတ်ထိုးပြီးမှ အကောင်အထည်ဖော်နိုင်မှာမို့လို့ Monitoring က အသက်မ၀င် သေးဘူး။ ဒီစောင့်ကြည့်ကြီးကြပ် ရေးကို တစ်ဖွဲ့ချင်းသွားမှာမဟုတ် ဘူး။ အကြမ်းဖျင်းအားဖြင့် တိုက် ပွဲဖြစ်တဲ့နေရာတွေ၊ အထူးသဖြင့် ပြည်နယ်တွေမှာ ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်၊ ဒေသခံအဆင့်ဆိုပြီး အဆင့်အလိုက် စောင့်ကြည့်ကြီးကြပ်မှုတွေလုပ် သွားမှာ။ လတ်တလောကရင် ပြည်နယ်မှာဖြစ်နေတဲ့အနေအ ထားကြည့်ရတာ ပြဿနာက အောက်ခြေမှာ တချို့တပ်မှူးတွေ က သူတို့သဘော သူတို့ဆောင် ပြီးဖြစ်ကြတာမျိုးပဲ’’ဟု မြန်မာ နိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနမှ အပစ်အ ခတ်ရပ်စဲရေး၊ စေ့စပ်ညှိနှိုင်းရေး နှင့် အကောင်အထည်ဖော်ရေးစီမံ ကိန်းညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးကပြောသည်။

အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးတစ်ဖွဲ့ ဖြစ်သော KNU သည် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါသည့်နေရာမှ ပါဝင်နေ သလို NCCT တွင်လည်း ဦး ဆောင်အဖွဲ့ တစ်ဖွဲ့ဖြစ်သော ကြောင့် ကရင်ပြည်နယ်အတွင်း မှ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ နှင့် အစိုးရတပ်မတော်ကြား လတ်တလောပဋိပက္ခများကြောင့် NCAနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ ပေါ် အဟန့်အတားဖြစ်မည်ကို စိုးရိမ်မှုများလည်းရှိသည်။

တစ်ဖက်တွင်လည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး နှစ် ဖက်သဘောတူညီမှုလက်မှတ်မ ရေးထိုးရသေးသော ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) ကြားတွင် ၂၀၁၁ ခုနှစ် ဇွန်လက တည်းက တိုက်ပွဲများဖြစ်ပွားနေခဲ့ ရာမှ ယခုနှစ် ဧပြီ ၁၇ ရက်က ပြည်နယ်အဆင့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ သည်။

ယင်းနောက်ပိုင်းတွင် နှစ် ဖက်ရင်ဆိုင်တိုက်ပွဲများမရှိတော့ကြောင်း ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော အစိုးရတပ်မတော်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားထားသည်။

NCA ရေးထိုးပြီးနောက်တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကြား မြေပြင်အချက်အလက်များကောက်ယူသုတေသနပြု၍ ပဋိပက္ခဖြစ်ပွားမည့် အရိပ်အယောင်ကို ကြိုတင်တွေ့ရှိနိုင်ပြီး ယင်းမှရရှိသည့် တွေ့ရှိချက်အပေါ်မူတည်၍ အခြေအနေကို နှစ်ဖက်အဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများသိရှိရန် သတင်းပြန်ကြား၍ ပဋိပက္ခမဖြစ်ရေး ကြိုတင်ကာကွယ်ရန် အချက်ပေးမည့်စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ထားမှုလည်းရှိနေသည်။

7Day Daily

No comments:

Post a Comment