address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 2, 2014

“ ငြိမ်းချမ်းရေးကို မဖျက်ဆီးကြပါနဲ့ ”


2.9.2014

အခုရက်ပိုင်း ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ UNFC ညီလာခံထဲမှာ အကွဲအပြဲ သဘောမတူညီမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်းပါ။ ညီလာခံ ပြန်စတဲ့ သြဂုတ် ၃၁ ရက်နေ့မှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံး ညီလာခံ ဆက်မတက်ပဲ ထွက်ခွာသွားခဲ့တာပါ။ ဒါနဲ့ ပါတ်သက်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပေမယ့် KNU အဖွဲ့ ခေါင်းဆောင်တွေဘက်ကတော့ တစ်စုံတစ်ရာ တုန့်ပြန် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ ညီလာခံထဲမှာ ဘာတွေ ဖြစ်ခဲ့ကြသလဲ၊ ဘယ်လို ဝေဖန်မှုတွေ ရှိခဲ့သလဲ၊ ဒီ ဖြစ်ရပ်ဟာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကို ထိခိုက်နိုင်မလား စတာတွေ ဆွေးနွေးတင်ပြသွားပါ့မယ်။
UNFC ဆိုတာ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ဆိုတာကို အတိုကောက် ခေါ်တာပါ။ ဒီ အဖွဲ့ထဲမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေထဲက အင်အားကြီးတဲ့ ကချင်၊ ကရင် နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ ပါဝင်ကြပါတယ်။ ဒီ အဖွဲ့ကြီးကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ မှာ ကျင်းပတဲ့ တိုင်းရင်းသား ညီလာခံကြီးကနေ ဖွဲ့စည်းခဲ့တာပါ။ လက်ရှိ အဖွဲ့ဥက္ကဌ ဟာ KIO ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ ဒုဥက္ကဌ အင်ဘန်လ ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးကတော့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင် နိုင်ဟံသာ ဖြစ်ပါတယ်။ အဖွဲ့ကို (၃) နှစ်တစ်ကြိမ် ညီလာခံခေါ်ဖို့ စည်းမျဉ်းရှိတာမို့ လက်ရှိ ညီလာခံခေါ်ယူ စည်းဝေးနေကြတာ ဖြစ်ပါတယ်။
လက်ရှိ ကျင်းပနေတဲ့ ညီလာခံ အစည်းအဝေးမှာ ကေအဲန်ယူ ခေါင်းဆောင်တွေနဲ့ ကေအိုင်အို အပါအ၀င် အခြားခေါင်းဆောင်တွေ အဓိက သဘောကွဲလွဲတာဟာ UNFC အဖွဲ့ကြီးရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စက အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ UNFC ရဲ့ ဖွဲ့စည်းပုံဟာ အဖွဲ့အစည်း တစ်ခု ပုံစံ ဆန်လွန်းနေပြီး ကေအဲန်ယူ အဖွဲ့ကတော့ တပ်ပေါင်းစု ဆန်တဲ့ ဖွဲ့စည်းပုံမျိုး ပြင်ချင်တယ် လို့ ဆိုပါတယ်။ အဖွဲ့မှာ နိုင်ငံရေးဦးဆောင်အဖွဲ့ ဆိုတာ ထားပြီး အောက်မှာ အလုပ်လုပ်မယ့် အတွင်းရေးမှူး နှစ်ယောက်၊ သုံးယောက်နဲ့ အလုပ်လုပ်မယ့် ဌာနတွေ ဖွဲ့စည်းထားမယ့် ပုံစံမျိုးပါ။ ဒါပေမယ့် ကေအိုင်အိုနဲ့ အဖွဲ့ဝင် အများစုကတော့ လက်ရှိ ဖွဲ့စည်းပုံအတိုင်းပဲ ထားပြီး ရွေးကောက်တင်မြှောက်တာတွေ လုပ်ဖို့ ပြင်ဆင်လာချိန်မှာ ကေအဲန်ယူ အဖွဲ့က သဘောမတူနိုင်တာကြောင့် ညီလာခံထဲက ထွက်သွားတယ် ဆိုတဲ့ သဘောပါ။
တကယ်တော့ မြန်မာနိုင်ငံ လက်နက်ကိုင် တိုက်ပွဲ သမိုင်းတစ်လျောက်မှာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးဟာ တပ်ပေါင်းစု အမျိုးမျိုး ဖွဲ့စည်းခဲ့ကြတဲ့ သာဓကတွေ အမြောက်အများရှိပါတယ်။ များသောအားဖြင့် အဲဒီ တပ်ပေါင်းစုထဲမှာ စစ်အင်အားတောင့်တင်းတဲ့၊ ငွေကြေး ထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်းတွေက အဓိက နေရာရယူတဲ့ ပုံစံမျိုး ဖွဲ့စည်းကြတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ တပ်ပေါင်းစု အများစုဟာလည်း နောက်ပိုင်း ပြန်ပြန်ပျက်သွားခဲ့တဲ့ နမူနာတွေ ရှိခဲ့ပါတယ်။ အခု တိုင်းရင်းသားတွေရဲ့ UNFC အဖွဲ့အစည်းထဲ ညီညွတ်မှု ပျက်ပြားသွားတာဟာ အတော်လေး စိတ်မကောင်းစရာပါ။ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေ စုစည်းဖွဲ့စည်းထားတဲ့ NCCT နဲ့ အစိုးရ တို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူစာချုပ် ချုပ်ကြဖို့ ဆွေးနွေး အောင်မြင်မှုတွေ ရနေကြချိန် တိုင်းရင်းသာအဖွဲ့တွေအကြား သဘောကွဲလွဲမှု ဖြစ်လာတာကြောင့် ပိုပြီး စိတ်မကောင်းစရာပါ။
ဆိုးတာတစ်ခုက ဒီ သဘောကွဲလွဲမှုနဲ့ ပါတ်သက်ပြီး တိုင်းရင်းသား ကိုယ်စားလှယ် တစ်ယောက်ရဲ့ ကေအဲန်ယူ အဖွဲ့အပေါ် စွတ်စွဲပြောဆိုချက် တစ်ခု လုပ်ခဲ့ပြီး အဲဒါကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြခြင်းပါ။ ကိုယ့်နာမည် ကိုယ်မဖော်ရဲတဲ့ အဲဒီ တိုင်းရင်းသားကိုယ်စားလှယ် တစ်ယောက်က ကေအဲန်ယူ ကိုယ်စားလှယ်တွေ ခုလို ဖြစ်ရတာဟာ အစိုးရ ငြိမ်းချမ်းရေးစင်တာ ဘက်က နောက်ကနေ ညွှန်ကြား ကြိုးကိုင် သွေးခွဲခဲ့လို့ဖြစ်တယ်၊ ဒီလို ကြိုးကိုင် ခံရအောင်လည်း ကေအဲန်ယူ ခေါင်းဆောင်တွေ အနေနဲ့ ကားပါမစ်တွေတင်မက အခြား စီးပွားရေး လုပ်ပိုင်ခွင့်တွေကို ရယူထားလို့ ဖြစ်တယ် ဆိုတဲ့ မဟုတ်မမှန် လုပ်ကြံ စွတ်စွဲချက်ပါ။ အတော်ဆိုးပါတယ်။ အဲဒီလို နာမည် မဖော်ပြရဲပဲ လုပ်ကြံ စွတ်စွဲ ပြောဆိုတာကို အမေရိကန် အခြေစိုက် RFA နဲ့ မီဒီယာတစ်ချို့ကလည်း ကျင့်ဝတ်နဲ့ မညီ ဒီအတိုင်း ဖော်ပြပေးခဲ့ပါတယ်။
တကယ်ပြန်ကြည့်ရင် အဲဒီ အစည်းအဝေးကို ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် တွေဖြစ်ကြတဲ့ ဥက္ကဌ မူတူးစေးဖိုး၊ ဒုဥက္ကဌ နော်စီဖိုးရာစိန်နဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း အားလုံးပါသွားကြပါတယ်။ အဲဒီခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းကို နာမည် မဖော် အထောက်အထားလဲ မရှိပဲ၊ ဒီလို စွတ်စွဲပြောဆိုတာ နိုင်ငံရေး လုပ်ကြံမှုလို့ နာမည်တပ်နိုင်ပါတယ်။
တကယ်ပြောရရင် လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေထဲမှာ အစိုးရနဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးကိစ္စ ကေအိုင်အို နဲ့ ကေအဲန်ယူ သဘောထားကွဲလွဲတာ ကြာမြင့်ခဲ့ပါပြီ။ ကေအိုင်အို က တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ဆိုတာ ဝေးလို့ သူ့တစ်ဖွဲ့ထဲတောင် အပစ်ရပ်စာချုပ် လက်မှတ် မထိုးပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ရင် သူ့အလိုလို အပစ်ရပ်သွားမယ်၊ ဒါကြောင့် အပစ်ရပ်ရေး အရေးမကြီးဘူး၊ နိုင်ငံရေးဆွေးနွေးပွဲကသာ အရေးကြီးတယ် ဆိုတဲ့ မူကို ကိုင်စွဲထားတာပါ။ ကေအဲန်ယူ ဘက်ကတော့ မြန်မြန်ဆန်ဆန် အပစ်ရပ်မယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မြန်မြန်စမယ်၊ တိုင်းရင်းသားတွေ ကြုံနေရတဲ့ ဒုက္ခတွေကို မြန်မြန်ကုစားမယ်၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်တော့မယ် လို့ ခံယူထားကြတာပါ။ လက်ရှိမှာလည်း မိုင်းရှင်းရေး၊ တိုင်းရင်းသားတွေ အထောက်အပံ့ရရေး ကိစ္စတွေ စ လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းပါ။ အဲဒီ သဘောကွဲလွဲမှုဟာ ဒီ လက်ရှိ UNFC ညီလာခံကို လာဂယက် ရိုက်တာပါ။
ဒီ ပြသနာ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ NCCT နဲ့ အစိုးရ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေး ညှိနှိုင်းနေတဲ့ဆီ ဂယက်ရိုက်ခတ်နိုင်ပါတယ်။ အကြောင်းကတော့ UNFC နဲ့ NCCT မှာ ကေအိုင်အိုရဲ့ အယူအဆ အားကောင်းလာရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကြံ့ကြာသွားတာ၊ ရပ်ဆိုင်းသွားတာ၊ မအောင်မမြင်ဖြစ်တာ အားလုံး ဖြစ်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင် တိုင်းရင်းသားတွေ အနေနဲ့ အချင်းချင်း သဘောထားကွဲတာ မဖြစ်သင့်ပါဘူး။ စည်းလုံးညီညွတ်မှု မပြိုကွဲသင့်ပါဘူး။ ကေအဲန်ယူလို သမိုင်းအစဉ်အလာလည်းရှိ၊ အင်အားလည်းရှိတဲ့ အဖွဲ့အစည်း မပါဝင်တဲ့ တိုင်းရင်းသား တပ်ပေါင်းစု ဆိုတာလည်း မည်ကာမတ္တ အင်အားနည်းတဲ့ တပ်ပေါင်းစု အဆင့် ရောက်သွားနိုင်ပါတယ်။
တိုင်းရင်းသား အားလုံးကိုလည်း ကိုယ်စားပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အရေးပါတဲ့ အင်အားစုတွေ စုစည်းနိုင်အောင် ညီညွတ်ရေးကို မရ အရ တည်ဆောက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ

No comments:

Post a Comment