address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 30, 2014

ကရင်ပြည်နယ်သို့ နိုင်ငံခြားသား ဝင်ရောက်မှုများခြင်းကြောင့် ဟိုတယ်သစ်များ တိုးချဲ့လာ





30.9.2014

နယ်စပ်ဒေသများမှ နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်မှု တိုးတက်လာခြင်းကြောင့် ကရင်ပြည်နယ်တွင် ဟိုတယ်သစ် ဆောက်လုပ်မှုများ မြင့်တက်လာသည်ဟု ဟိုတယ်လုပ်ငန်းရှင် ဦးစောမာန်အေးက ပြောသည်။

တစ်ဖက်နိုင်ငံမှဝင်ရောက်သည့် နိုင်ငံခြားသားဧည့်သည် မြင့်တက်လာသည့် အပြင် ကုန်ရောင်းကုန်ဝယ်အတွက် လာရောက်သည့် ပြည်တွင်းခရီးသည်များပါ တိုးပွားလာခြင်းကြောင့် အဆိုပါဒေသတွင်း ဟိုတယ် နှင့် တည်းခိုရိပ်သာလိုအပ်ချက် ကြီးမားလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဦးစောမာန်အေးက “အခုနောက်ပိုင်း ကရင်ပြည်နယ်ဘက်ကို ဝင်လာတဲ့ နိုင်ငံခြားသားခရီးသွား တိုးတက်လာသလို ကုန်ရောင်းကုန်ဝယ်အတွက် ပြည်တွင်းက ဧည့်သည်တွေလည်း ပိုလာတဲ့အတွက် ရှိတဲ့ဟိုတယ်တွေ၊ တည်းခိုခန်းတွေ မလုံလောက်ဘူးဖြစ်ကုန်တယ်။ အခု ဟိုတယ်အသစ်တွေ တိုးချဲ့ တည်ဆောက်နေ ပါတယ်” ဟု ဆိုသည်။

ဘားအံတွင် ယခုနှစ် ပွင့်လင်းရာသီ မစခင် အခန်းအရေအတွက် ၃၀ ဝန်းကျင် အထိရှိသည့် ဟိုတယ်သစ် ငါးလုံးကို ထပ်မံဖွင့်လှစ်နိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဟိုတယ်ခြောက်လုံးနှင့် တည်းခိုရိပ်သာ ၁၆ လုံးဝန်းကျင်သာ ရှိနေခြင်းဖြစ်သည်။

ဝင်ရောက်သည့်ပမာဏနှင့် တည်းခိုနေရာ မလုံလောက်ခြင်းကြောင့် ဧည့်သည်အများစုမှာ မော်လမြိုင် ဘက်သို့ သွားရောက်တည်းခိုရမှုများရှိနေသည်ဟု ဟိုတယ်လုပ်ငန်းရှင်များက ဆိုသည်။

ကရင်ပြည်နယ်အတွင်း နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုများလာသည့်အပြင် ဒေသဖွံ့ဖြိုးရေး NGO အဖွဲ့အစည်းများ ပါဝင်ရောက်လာခြင်းကြောင့် ဟိုတယ်လိုအပ်ချက် ပိုမိုလာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ကရင်ပြည်နယ်အတွင်းသို့ ထိုင်းနိုင်ငံဘက်မှ ခရီးသည်အများစု လာရောက်ကြပြီး အများစုမှာ ဘုရားဖူးရန် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်များက ရှင်းပြသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် ခရီးသည် ထက်ဝက်ခန့်မှာ နယ်စပ်ဒေသများမှ အခြေပြုဝင်နေခြင်းဖြစ်ကာ ယခင်နှစ်တွင် တစ်သန်းကျော်အထိ ရှိခဲ့ပြီး ယင်း၏ ၁၅ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံသားများဖြစ်သည်။

Mizzima

No comments:

Post a Comment