address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 10, 2014

KIO လက်နက်စွန့်ရန် ကချင်အထူးဒေသ (၁) နှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တိုက်တွန်း


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေချိန်၌ တပ်မတော်နှင့် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သော KIO/KIA အဖွဲ့ကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရန် ကချင်အထူးဒေသ (၁) ထာဝရ
ငြိမ်းချမ်းရေး အဖွဲ့ချုပ်နှင့် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ (မြစ်ကြီးနား) တို့က တိုက်တွန်းသည်။

ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းနှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ခေါင်းဆောင် ဦးစိုင်းထိန်လင်းတို့ ဦးဆောင် လက်မှတ်ရေးထိုး၍ မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ယင်းသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ်၌ ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသားများ အတူတကွ နေထိုင်လျက် ရှိရာ KIO/KIA လက်နက်ကိုင် လှုပ်ရှားမှုများကြောင့် အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ပျက်စီးခြင်းကို ကုစားရေးမှာ အပစ်အခတ် ရပ်စဲ၍ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရန် လိုအပ်ကြောင်း အချက် ရှစ်ချက်ပါ အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ ကေအိုင်အိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက သီးခြား မှတ်ချက်ပေးရန် မရှိကြောင်း The Voice ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
“ဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောချင်ပါဘူး။ သူတို့ ထုတ်ချင်သလို ထုတ်ကြပါစေ” ဟု ဦးဒေါင်ခါးက လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရန် တိုက်တွန်းမှုနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

လက်နက်ကိုင်လမ်းစဉ် စွန့်ရန် မဆလ၊ နဝတ အုပ်ချုပ်မှု အချိန်ကတည်းက တိုက်တွန်းမှုများ ရှိခဲ့ကြောင်း လက်နက်စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် ပြောဆိုခြင်းမှာ လက်နက်ချ အညံ့ခံခိုင်းခြင်းသာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
“ဒါအဖြေ မဟုတ်ပါဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

တွေ့ဆုံ ဆွေးနွေးပွဲကို အဓိက ဦးတည်နေသော ယနေ့နိုင်ငံရေး အခြေအနေတွင် ပဋိပက္ခ တိုက်ပွဲများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် နှစ်ဘက်လုံးက လျှော့ချမှသာ နိုင်ငံရေး စားပွဲဝိုင်းတွင် မျက်နှာစုံညီ ပါဝင်နိုင်မည် ဖြစ်ကြောင်း ပဒိုမိန်းငြိမ်းမောင်က ဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအဝင် မြေပြန့်ဒေသ အများစု၌ တိုင်းလိုင် (ခေါ်) ရှမ်းနီလူမျိုးများ နေထိုင်ကြပြီး တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများအကြား ရှမ်းမျိုးနွယ်စုများ မြေစာပင်သဖွယ် ထိခိုက်နစ်နာ နေရကြောင်း၊ လက်ရှိ ကချင်ပြည်နယ်အတွင်း ဘိုးစဉ်ဘောင်ဆက် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ခဲ့သည်မှာ သမိုင်းအဆက်ဆက် မှတ်တမ်းများ ရှိကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ပြောဆိုထားသည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ (၁) သည် ယခင် ကေအိုင်အို အဖွဲ့မှ ခွဲထွက်၍ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) အဖြစ် သီးခြား တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

တပ်မတော်နှင့် ကေအိုင်အေ အကြား ဧပြီလဆန်းမှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသဖြင့် မေလ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်

No comments:

Post a Comment