address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 10, 2014

မျိုးစောင့် ဥပဒေမူကြမ်း ကန့်ကွက်သူများကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ရှုတ်ချကြောင်း ကြေညာချက်ထုတ်



မျိုးစောင့်ဥပဒေ ရေးဆွဲခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အပါအဝင် အဖွဲ့အစည်း ၉၇ ဖွဲ့ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) က
အမျိုးသားရေး သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှုတ်ချကြောင်း အဆိုပါအဖွဲ့၏ အထက်မြန်မာပြည် တာဝန်ခံဆရာတော် ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။

အဆိုပါ လူမှုအဖွဲ့အစည်း ၉၇ ဖွဲ့ကို အမျိုးသားရေး သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း မျိုးစောင့်ဥပဒေ မူကြမ်းကို ကန့်ကွက်သူများ အနေနှင့် လေ့လာကြရန် လိုပြီး အမျိုးသား အကျိုးစီးပွားကို မျက်ကွယ်ပြု ဝေဖန်နေသူတို့ကို ရှုတ်ချကြောင်းနှင့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ အချိန်မရွေး ဆွေးနွေးနိုင်ပါကြောင်း စသည့် အချက်များ ပါဝင်သော ထုတ်ပြန်ချက် တစ်ရပ်ကို မေလ ၉ ရက်နေ့က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) က ထုတ်ပြန်ကာ ရှုတ်ချခြင်း ဖြစ်ကြောင်း အဆိုပါ ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။

“မေလ ၇ ရက်နေ့ နေ့စဉ်ထုတ် သတင်းတွေမှာ ဒေါ်ရွှေရွှေစိန်လတ်နဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မျိုးစောင့် ဥပဒေမူကြမ်းကို သေသေချာချာ မဖတ်ဘဲ ဆန့်ကျင်တဲ့ သဘောနဲ့ ပြောသွားတယ်။ ဒါကြောင့် အခုလို ကြေညာချက် ထုတ်ပြန်ရတာ” ဟု ဆရာတော်က မိန့်ဆိုသည်။

ယင်းထုတ်ပြန်ချက်တွင် မျိုးစောင့်ဥပဒေကို ကန့်ကွက်ကြောင်း ကြေညာသည့် အဖွဲ့အစည်းများ အပြင် အဆိုပါ ဥပဒေကို ကန့်ကွက်သော လူပုဂ္ဂိုလ် အချို့ကိုလည်း ရူတ်ချထားကြောင်း ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။

“ကျွန်မကို သတင်းထောက်တစ်ဦးက မေးတယ်။ ကျွန်မ ဖြေလိုက်တာက ဥပဒေအဖြစ် လွှတ်တော်မှာ တင်သွင်းတဲ့အခါ အဲဒီဥပဒေက အခြား ဘာသာသာသနာတွေကို နစ်နာမှု ရှိလာရင် အဲဒီအတွက် ကျွန်မက ကန့်ကွက်မယ် ပြောတာပါ။ မျိုးစောင့် ဥပဒေမူကြမ်း ဆိုတာ ဥပဒေတစ်ရပ်မှ မဟုတ်သေးတာပဲ။ ကျွန်မ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ ဥပဒေတောင် မဖြစ်သေးတဲ့ဟာကို ကန့်ကွက်ခြင်း ထောက်ခံခြင်း မလုပ်ပါဘူး။ လုပ်စရာလည်း မဟုတ်ဘူး” ဟု နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် မှတ်ချက်ပြုခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုသည်။

အမျိုးသား သစ္စာဖောက်များအဖြစ် မဘသအဖွဲ့က ကြေညာခြင်းကို တစ်စုံတစ်ရာ မှတ်ချက် မပြုလိုသော်လည်း အမျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ အချိန်မရွေး တွေ့ဆုံ ဆွေးနိုင်သည်ဟု မဘသအဖွဲ့က ထုတ်ပြန် ကြေညာခြင်းကို များစွာ ကြိုဆိုကြောင်း၊ ထိုသို့ ဆွေးနွေးခြင်းဖြင့် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း အမျိုးစောင့် ဥပဒေ ရေးဆွဲခြင်းကို ကန့်ကွက်နေသည့် Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ဆိုသည်။

အဆိုပါ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အပါအဝင် နိုင်ငံတော်အစိုးရက အမျိုးစောင့် ဥပဒေကြမ်းကို တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသည့် အတွက်ကြောင့် ၎င်းတို့အနေနှင့် ယင်းဥပဒေကို သေသေချာချာ လေ့လာရခြင်းတော့ မရှိကြောင်း၊ သို့သော် အဆိုပါ ဥပဒေတွင် အမျိုးသမီးများကို ကန့်သတ် ချုပ်ချယ်ထားသည့် ဥပဒေများ ပါဝင်နေသည်ဟု ကြားသိရသည့် အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောဆိုသည်။

“ကျွန်တော်တို့ လုပ်ဆောင်နေတာက နိုင်ငံတော်ကို သစ္စာဖောက်ဖျက်နေတာမျိုး မဟုတ်ပါဘူး။ ဒီဥပဒေမှာ အမျိုးသမီးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ အချက်တွေ ပါဝင်နေတာမျိုးတွေ ပါနေတယ် ဆိုတာကြောင့် ကန့်ကွက်တာပါ။ ဥပဒေ ရေးဆွဲတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ ဆန္ဒ၊ သဘောထားတွေ၊ အသံတွေလည်း ပါဝင်ဖို့ လိုတာပေါ့။ကျွန်တော်တို့ တွေ့ဆုံနိုင်ဖို့ တောင်းဆိုသွားမှာပါ” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတက ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကိုးကွယ်ခြင်း ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်နှင့် ပတ်သက်၍ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၉၇ ဖွဲ့က မေလ ၅ ရက်နေ့တွင် အကြံပြု တင်ပြချက်များကို စုစည်းလျက် ပူးပေါင်း ထုတ်ပြန်ခဲ့သည်။

The Voice

No comments:

Post a Comment