address
Friday, May 16, 2014
အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက်ဘဲ ဆောင်ရွက်ရမည်ဟု သမ္မတ ပြောကြား
May 16, 2014
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာ အထိခိုက်မခံဘဲ ဥပေဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ ၁
တွင် ကျင်းပသည့် ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် ပြည်တွင်းရေး ကိစ္စများသာ ဖြစ်ပြီး ယင်းတို့ကို ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို မထိခိုက်ဘဲ ဥပဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဆိုသည်။
“ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်ဖို့ ဘယ်သူမှ မလိုလားပါဘူး။ ကိုယ့်တိုင်းပြည် ဆူပူမှုဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်းတို့ ပူးပေါင်း ဆောင်ရွက်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အနေနင့်လည်း လူထုကို လမ်းပေါ် ဆွဲတင်သည့် နည်းလမ်းသုံးရန် အစီအစဉ် မရှိကြောင်းလည်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။
“ဒီလိုပြောတာ သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒရှိတယ်လို့ ယူဆရပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုသလို ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်လောက်ထိ ဖြည့်ဆည်းပေးမလဲ ဆိုတာ သမ္မတကြီးရဲ့ အပြောနဲ့ အလုပ်ကို စောင့်ကြည့်ရမှာပါ” ဟု ၎င်းက သုံးသပ် ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးအတွက် လူထုဟောပြောပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်းတို့က မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ကျင်းပမည် ဖြစ်သည့်အပြင် ပြင်ဆင်ရေး ထောက်ခံသည့် အများပြည်သူထံမှ ထောက်ခံလက်မှတ် ကောက်ယူရန် စီစဉ်နေကြောင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ နှင့် ပုဒ်မအချို့ကို ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒဖြင့်သာ ပြင်ဆင်ရမည်ဟု ယင်းအခြေခံဥပဒေတွင် ဖော်ပြသည်။
ွှThe Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment