address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 25, 2013

မြ၀တီစက်မှုဇုန် တည်ဆောက်ရေးအတွက် မြေနေရာများ စတင်ဖော်ထုတ်

25.8.2013

မြ၀တီမြို့ နယ်စပ်ကုန်သွယ်ရေး စခန်းအနီးတွင် မြ၀တီ စက်မှုဇုန်အတွက်မြေနေရာ ဖော်ထုတ်ခြင်း လုပ် ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်နှင့် ရွာသစ်ကျေးရွာကြားရှိ မြေဧကများအနက် ညီနောင်ဦး ကုမ္မဏီ လီ မိတက်မှ မြေဧက ၁၅၀ တို့အား မြ၀တီစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းအဖြစ် မြေကွက်ဖော် ထုတ်ခြင်း လုပ်ငန်းများကို မတ်လမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

"အခု မြေကွက်ဖော်ထုတ်နေတာ ဧက ၁၅၀ ပါ။ မြေကွက်တွေကို အမှတ်စဉ်အလိုက် ငုတ်တိုင်တွေစိုက်ပြီး အ ကွက် ရိုက်ပြီးရင်၊ အရှည်ပေ ၈၀ ရှိတဲ့ ကွန်ကရစ်လမ်း နှစ်လမ်းဖောက်လုပ်မယ်။ ဓာတ်မီးတိုင်တွေ စိုက်မယ်။
ရေမြောင်းတွေ ဖောက်လုပ်မယ်။ အဆောက်အအုံပိုင်းကိုတော့ လုပ်ဆောင်ဖို့ မပါသေးဘူး။ စက်ရုံအလုပ်ရုံ တည်ဆောက်မှု လုပ်ငန်းတွေကို မြေကွက်ဝယ်ယူတဲ့ ကုမ္ပဏီတွေက ဆက်လက်လုပ်ဆောင် သွား ရမှာ ဖြစ် ပါတယ်။ ဒီကုမ္မဏီ အနေနဲ့ မြေကွက်ဖော်ထုတ်ပြီးရင် (ပ၀တ) ကို အပ်ခဲ့ရမှာ ဖြစ်ပါတယ်" ဟု မြ၀တီ စက်မှု ဇုန် တည်ဆောက်ရေး စီမံကိန်းမြေနေရာ ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ညီနောင်ဦး ကုမ္ပဏီ လီမိတက်မှ Project တာဝန်ခံက သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

မြ၀တီ စက်မှုဇုန်အတွင်း ရင်းနှီးမြုပ်နှံရန် တစ်ဖက်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များကလည်း မကြာခဏ လာရောက်လေ့လာလျက်ရှိပြီး စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်လာပါက အလုပ်အကိုင် ရှားပါးနေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ လာမည်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

eleven media group

No comments:

Post a Comment