address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, August 16, 2013

အစိုးရတပ်များ ကြိုတင် အကြောင်းကြားမှု မရှိဘဲ မွန်ပြည်သစ် နယ်မြေထဲသို့ လှုပ်ရှားလာ


16.8.2013

အပစ်အခတ် ရပ်စဲပြီးနောက် မွန်ပြည်သစ် ပါတီ ( NMSP) နယ်မြေအဖြစ် သတ်မှတ် ထားသည့် မွန်ပြည် နယ် ရေးမြို့နယ် ရေးချောင်းဖျား အရှေ့ဘက် နယ်မြေထဲသို့ကြိုတင် အကြောင်းကြားမှု မရှိဘဲ အစိုးရ တပ်ဖွဲ့ဝင်များ ဝင်ရောက် လှုပ်ရှား လာခဲ့သည်ဟု မွန်ပြည်သစ် ပါတီ တာဝန်ရှိသူ တစ်ဦးကဆိုပါသည်။


“ ဒီနေ့အစိုးရ တပ် ခမရ ၅၈၃ တပ်ဖွဲ့ဝင်တွေက အသိမပေးဘဲ ကျနော်တို့ သတ်မှတ် နယ်မြေ အတွင်း ဝင်လာတယ်။ ဒီလိုမျိုး လုပ်လာရင် မှားပြီး ပစ်ခတ်တာမျိုး ဖြစ်တတ်တယ်။ အဲတာကြောင့် ဒီလိုမျိုး မလုပ် သင့်ဘူး” ဟု ဆိုပါသည်။

ဝင်ရောက်လာသည့် အစိုးရ တပ်ဖွဲ့သည်ရေးမြို့နယ် ကျောင်းရွာ အခြေစိုက် ခမရ ၅၈၃ တပ်ဖွဲ့မှ ဗိုလ်ကြီး ဖြိုးဝေသက် ဦးဆောင်သည့် အင်အား (၁၀) ဦးခန့်ရှိသည့် တပ်ဖွဲ့ ဖြစ်ပါသည်။ ဤအခြေအနေကြောင့် မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင် တပ်ဖွဲ့ဝင်များအား တပ်လှန့်ထားခဲ့ရသည်ဟု ဆိုပါသည်။

အစိုးရတပ်များ ၀င်ရောက် လာသည့် နေရာသည် မွန်ပြည်သစ် ပါတီနှင့် အစိုးရ အဖွဲ့တို့အပစ်အခတ် ရပ်စဲစဉ် မွန်ပြည်သစ် ပါတီ နယ်မြေ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ဤနေရာသို့ ၀င်ရောက် လိုပါက တရားဝင် ကြိုတင် အကြောင်း ကြားရန် လိုသည်ဟု သဘော တူထားခြင်း ဖြစ်ပါသည်။

ဤကိစ္စကို မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ မွန်ပြည်သစ် ပါတီ ဆက်ဆံရေးရုံးမှ တဆင့် မွန်ပြည်နယ် နယ်စပ် လုံခြုံရေး ဝန်ကြီး ဌာနထံ တင်ပြ ထားကြောင်း အဆိုပါ မွန်ပြည်သစ် ပါတီ အရာရှိက ဆိုပါသည်။

“ဒီလိုမျိုး ကျူးကျော် ဝင်ရောက် လာတာဒါနဲ့ဆိုရင် ၄ ကြိမ် ရှိသွားပြီး ခင်ဗျ။ ဒီလ ၁ ရက်နေ့က တစ်ကြိမ်၊ ၉ ရက် နေ့က တစ်ကြိမ်၊ ၁၂ ရက်နေ့က တစ်ကြိမ်နဲ့ ဒီနေ့မှာ တစ်ကြိမ် ထပ်ဝင်လာတာ ဖြစ်ပါတယ်။ ၃ ကြိမ် ကိုတော့ စကခ ၁၉ ကို ကျနော်တို့ရေးမြို့ ဆက်ဆံရေးရုံးမှ တဆင့် ကန့်ကွက်စာ ပေးပို့ထားပြီး ဖြစ် တယ်ဟု ဆိုပါသည်။

သို့သော် စကခ-၁၉ မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဆိုပါသည်။ အစိုးရ တပ်များ၏ ကြိုတင် အကြောင်း ကြားမှု မရှိဘဲ ၀င်ရောက် လှုပ်ရှားမှုများ အကြိမ်ကြိမ် ရှိခဲ့ပါသည်။ ကျူးကျော် လာခဲ့သည့် အစိုးရ တပ်ဖွဲ့ဝင်တို့မှာသြ ဂုတ်လ၁ရက်နေ့တွင်ရေးမြို့နယ်ကျောင်းရွာ အခြေစိုက် အစိုးရ တပ်ဖွဲ့ ခမရ ၅၈၃ တပ်ဖွဲ့မှဗိုလ်ကြီး ဖြိုးဝေသက် ဦးဆောင် အင်အား၂၀ဦးတို့က ရေးချောင်းဖျား ဒေသဝဲ ဘိုင်း ကျေးရွာ တွင် ဝင်ရောက် လာခဲ့ပြီး တစ်ည အိပ်စက် သွား ခဲ့ပါသည်။

သြဂုတ်လ ၉ ရက်နေ့ တွင်လည်း ထိုဗိုလ်ကြီး ဖြိုးဝေသက် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၃ ဦးတို့က ယင်းဝဲ ဘိုင်ရွာ အတွင်းမှာပင် ဝင်ရောက်လာပြီး တစ်ည အိပ်စက် သွားခဲ့သည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ရေးမြို့နယ် လမိုင်မြို့နယ်ခွဲ မော့ကနင် ကျေးရွာ အရှေ့ဘက် (မြို့ဟောင်း) သို့အစိုးရ တပ်ဖွဲ့မှ ခလရ ၁၀၆ ဗိုလ်ကြီး မျိုးသက်နောင် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၂ ဦးတို့က ကျူးကျော် ဝင်ရောက် လာခဲ့သည်။

ဤသည် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ပြီးခဲ့သည့် သြဂုတ်လ (၅)ရက်နေ့တွင် မော်လမြိုင် ဆက် ဆံရေးသို့ လာရောက်ပြီး နောက်ပိုင်း ဖြစ်ပေါ်လာသော လှုပ်ရှားမှုများ ဖြစ်ပါသည်။

ယင်းဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ် ဖက်မှ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရန် ကိစ္စ မွန်ပြည်သစ် ပါတီ၏ သဘောထားကို တောင်းဆိုထားပါသည်။ မွန်ပြည်သစ် ပါတီ ကမူ ဤအချက်ကို အကြောင်းပြန်ကြားမှု မရှိသေးပေ။ ဤအတောအတွင်း စစ်ရေးအရ အစိုးရဖက်မှ လှုပ်ရှားလာခြင်း ဖြစ်ပါ သည်။

မွန်ပြည်သစ် ပါတီ (NMSP) သည်၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ၂၅ရက်နေ့က အစိုးရနှင့် အပစ်အခတ် ရပ် စဲရေးကို လက်မှတ်ရေးထိုး ခဲ့သည်။ ဤအချိန်မှ စပြီး ယခု လှုပ်ရှားမှုသည် အစိုးရ တပ်ဖွဲ့တို့၏ ပထမ အ ကြိမ် ချိုးဖေါက်ခြင်း လာခဲ့ခြင်းဖြစ်ပါသည်။

ရွှေဟင်္သာ

No comments:

Post a Comment