address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, August 21, 2013

သံလွင်နှင့် င၀န်မြစ်ရေ နှစ်ရက်အတွင်း တစ်ပေခန့် ပြန်တက်နိုင်



21.8.2013

သြဂုတ်လ ပထမအတွင်းက ပြန်လည် လျော့ကျသွားသည့် သံလွင်နှင့် င၀န်မြစ်ရေမှာ လာမည့် နှစ်ရက် အတွင်း တစ်ပေခန့် ပြန်လည် မြင့်တက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သြဂုတ်၂၀ ရက်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်မှာ မိုး/ဇလ၏ သြဂုတ် ၂၀ ရက် နေ့လယ်နှစ်နာရီခွဲအချိန် တိုင်းတာချက်ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည့် သံလွင်မြစ်ရေသည် နောက်နှစ်ရက် အတွင်း ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ၀ ဒသမ ၃ ပေခန့်ကျော်လွန်နေသည့် င၀န်မြစ်ရေမှာလည်း နောက်နှစ်ရက်တွင်း ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေ မှတ် အထက် (၀ ဒသမ ၇ ပေခန့်) တက်လာနိုင်သည်ဟု ပါရှိသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းမှာလည်း အိန်္ဒိယနိုင်ငံ၊ သြရိဿမြောက်ပိုင်း ကမ်းခြေသို့ ရွှေ့လျားဝင်ရောက်လျက်ရှိနေပြီးကပ္ပလီပင်လယ်ပြင်နှင့်  ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေရာမှ အားအလွန်ကောင်းနေပါသည် ဟုလည်း မိုး/ဇလက ထုတ်ပြန်ထားသေးသည်။

ထုတ်ပြန်ချက်အတိုင်း မြစ်ရေတက်လာမည်ဆိုပါက မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ကို ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ် ပညာရေးမှူးရုံးသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “တစ်ပေ
လောက်ပဲဆိုရင်တော့ ဘာမှ မဖြစ်လောက်သေးပါဘူး။ ထပ်တက်လာရင်တော့ မပြောတတ်ဘူးပေါ့”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်နောက်ဆုံးပတ်ခန့်မှစ၍ မြန်မာနိုင်ငံ အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေမြင့် တက်လာမှုကြောင့် ရေကြီးမှုများ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားနေရာ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရသော လူဦးရေ ၃၄၀၀၀ ကျော် အတွက် ကယ်ဆယ်ရေးစခန်း ၁၀၃ ခု ဖွင့်လှစ်ပေးခဲ့ရသည်ဟု မီးသတ်ဦးစီးဌာန၏ ဇူလိုင် ၃၁ ရက်အထိ စာရင်း များအရ သိရသည်။

အထက်ပါ မြစ်ရေအခြေအနေ သတင်းထုတ်ပြန်ချက်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်သည့် http://www.moezala.gov.mm/ ၀က်ဆိုက်ဘ်လိပ်စာတွင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် ရာသီဥတုသတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ မိုးလေ ၀ သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၁ ခု မတ်လ၂၃ ရက်တွင် ယင်းဝက်ဘ်ဆိုဒ်ကို လွှင့် တင်ပေးခဲ့ခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment