address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 22, 2013

မိုးသည်းထန်သည့်ကြားက မဲဆောက်မြို့ ကရင်ချည်ဖြူ ဖွဲ့ပွဲ ကျင်းပနိုင်ခဲ့

22.8.2013

P1000509ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တောရဘုန်းကြီးကျောင်း (၀ပ်ပါကောင်)တွင် ယနေ့ သြဂုတ်လ ၂၁ရက်နေ့၊ နံနက် ၈နာရီမှ ၁၁နာရီအထိ နှစ်စဉ် ကျင်းပလျှက်ရှိသည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲကို မိုးသည်းထန်သည့်ကြားက အောင်မြင်စွာ ကျင်းပနိုင် ခဲ့သည်ဟု ပွဲတော်ကျင်းပရေးကော် မတီ က ပြောသည်။

ပွဲတော်ကျင်းပရေးကော်မတီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မန်းမျိုးမြင့်က “ဒီနှစ်လုပ်တဲ့ ကရင့် ရိုးရာ ချည်ဖြူဖွဲ့ပွဲဟာ မိုးတအားရွာလို့ လာရောက်တဲ့သူ နည်းသွားတာပေါ့။ ခါတိုင်းနှစ်ဆိုရင် လူဦးရေ သုံးထောင်ကနေ၊ သုံးထောင်ကျော်အထိ တက်ရောက်ကြတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လူမျိုး အချင်းချင်းအကြား စုစည်းညီညွှတ်မှုနှင့် ချစ်ခင်ရင်းနှီးမှုရှိအောင် ရည်ရွယ်၍ ပွဲတော် ကျင်း ပရခြင်းဖြစ်ပြီး ယခုနှစ် ကရင့်ရိုးရာချည်ဖြူဖွဲ့ပွဲရက်မှာ အလုပ်ပိတ်ရက်များနှင့် မတိုက်ဆိုင်သည့်အတွက် မဲဆောက်မြို့တ၀ိုက်ရှိ ကရင်နှင့် အခြားမြန်မာ နိုင်ငံသား အများအပြားမှာ ယခင်နှစ်များကဲ့သို့ မ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း သူက ဆက်လက်ပြောဆိုသည်။

ထို့အပြင် ယနေ့ တောရဘုန်းကြီးကျောင်း၌ ကျင်းပသည့် အဆိုပါပွဲတွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှလည်း သ၀ဏ်လွှာတစ်စောင်ပေးပို့ခဲ့ရာ လူမျိုးတစ်မျိုးအနေဖြင့် ရှေးလူကြီးများ ခေတ် အဆက်ဆက် ထိန်းသိမ်းလာသည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ၏ ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှု ကို ဆက်လက်ထိန်းသိမ်းသွားကြရန် ကရင်အမျိုးသားတရပ်လုံးတွင် တာဝန်ရှိကြောင်း ဖော်ပြပါရှိသည်။

တချိန်တည်းမှာပင် အခမ်းအနားတွင် မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်း မှ ဆေးဝန် ထမ်းများအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမား စာသင်ကျောင်းများဖြစ်သည့် CDC၊ ခွဲ ကဘော်၊မင်းမဟော်ကျောင်းမှလူငယ်မောင်မယ်များကရိုးရာအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြ သ လို ထမင်း၊ ဟင်းတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် ယနေ့ ကျင်းပပြုလုပ်သည့် ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ အခမ်းအနားမှာ ၂၀၁၃ခုနှစ်အထိ ၂၂ကြိမ်မြောက်ဖြစ်ပြီး တက်ရောက်ဆင်နွှဲသူဦးရေ ၂,၀၀၀ခန့်ရှိသည်။ အလားတူ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ မယ်လနှင့် အုန်းဖျန် ဒုက္ခသည်စခန်းများတွင်လည်း ကရင့်ရိုးရာလက် ချည် မင်္ဂလာပွဲ အခမ်းအနားကို တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြသည်။

ကရင်လူမျိုးများသည် ဘိုးဘွားစဉ်ဆက် သက်ဝယ်ယုံကြည်မှုအရ မြန်မာသက္ကရာဇ် ၀ါခေါင်လပြည့်နေ့ တွင် ချည်ဖြူဖွဲ့ မင်္ဂလာပွဲ တော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပြီး ၀ါခေါင်လအတွင်းပင် မိသား စုအလိုက်ဖြစ်စေ၊ ရပ်ကွက်အလိုက်ဖြစ်စေ ပြုလုပ် ကြသည်။

KIC

No comments:

Post a Comment