address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 8, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လွှတ်တော်ပြင်ပ တွင် နိုင်ငံရေး ဆွေးနွေးမည်


8.10.2013

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို လွှတ်တော်ပြင်ပ တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က မြစ်ကြီးနားမြို့ရှိ နန်းသီတာ ဟိုတယ်တွင် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ ပါဝင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် လွှတ်တော်တွင် ပါဝင်နိုင်ခြင်း မရှိသေးသောကြောင့် လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေး ပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီအနေနှင့် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် စီစဉ်ထားသော်လည်း လတ်တလော အခြေအနေအရ နိုဝင်ဘာလခန့်တွင်မှ ဖြစ်နိုင်တော့မည်ဟု ယူဆကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဧပြီလခန့်တွင် ပြုလုပ်နိုင်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးက ထပ်မံပြောဆိုသည်။
“ကျွန်တော်တို့ အစိုးရရဲ့ ကျန်ရှိနေတဲ့ သက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးအတွက် အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက်တော့ ဖြစ်အောင် လုပ်သွားချင်တယ်” ဟု ဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ အနက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားနိုင်သောအဖွဲ့ ၁၄ ဖွဲ့ရှိပြီး လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်မည့် ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) နှင့် ပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။

အစိုးရအနေနှင့် အပစ်အခတ် ရပ်စဲရေးကို ဦးစွာပြုလုပ်ပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် လိုလားလျက် ရှိသော်လည်း ကေအိုင်အိုဘက်မှ အပစ်အခတ် ရပ်စဲရေးကို ဦးစွာ မပြုလုပ်ဘဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် လိုလားလျက်ရှိရာ ယင်းအနေအထားမှ အခြေအနေ တစ်ခုပေါ်သို့ ရောက်ရှိရန်အတွက် ကြန့်ကြာလျက် ရှိသည်။

ထိုသို့ ဖြစ်ရခြင်းမှာ နှစ်ဖက်အဖွဲ့ အစည်းများအကြား ယုံကြည်မှု ပျက်ပြားနေရခြင်းကြောင့် ဖြစ်ပြီး အစိုးရနှင့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများ ပဏာမအဆင့် ငြိမ်းချမ်းရေး ပြုလုပ်ထားကာ ယုံကြည်မှု တည်ဆောက် ထားနိုင်ခဲ့သော်လည်း ကေအိုင်အိုနှင့် ခက်ခဲနေရခြင်းမှာ ကေအိုင်အိုသည် အစိုးရက မမျှော်လင့်ထားသည်များကို တုံ့ပြန်လျက်ရှိသောကြောင့် ဖြစ်သည်ဟု ဆရာဒေါင်ခါးက The Voice သို့ ပြောကြားသည်။
“နိုင်ငံရေးအရ ဖြေရှင်းဖို့ မျှော်လင့်နေတဲ့ ကေအိုင်အိုကို အစိုးရက စစ်ရေးနဲ့ တုံ့ပြန်နေတယ်ဆိုတော့ ယုံကြည်မှု ပျက်ပြားသွားတဲ့ အခြေအနေ ဖြစ်သွားတာ။ ကုစားဖို့ အချိန်တွေ အများကြီး ပြန်ပေးရ တော့မယ်။ အရပ်သား အစိုးရလက်ထက်မှာ အစိုးရနဲ့ ကေအိုင်အိုဟာ အဆိုးရွားဆုံး အဆင့်ကို ရင်ဆိုင်နေရတယ်” ဟု ကေအိုင်အို အရာရှိတစ်ဦးမှ သုံးသပ်ပြောကြားသည်။

မြစ်ကြီးနားမြို့ နန်းသီတာတွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဦးအောင်မင်းနှင့်အတူ အစိုးရ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခဲ့ပြီး ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment