address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 28, 2013

SEA Games အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ရောင်းချရန် လုပ်ငန်းရှင် ၅၀ ကို တရားဝင်ခွင့်ပြု


28.10.2013

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ရောင်းချမည့် အသေးစား၊ အလတ်စား လက်မှုလုပ်ငန်းရှင် ၅၀ ကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောကြားသည်။


သိမ်ဖြူ အားကစားရုံ၌ အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည့် အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ပြပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ခွင့်ပြုပေးခဲ့ခြင်းမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် SEA Games ပြိုင်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာထိ သိရှိနိုင်ရန် ဖြစ်ကြောင်းနှင့် အသေးစားနှင့် အလတ်စားလက်မှု လုပ်ငန်းရှင်များပါ SEA Games အထိမ်းအမှတ် လာဘ်ကောင်နှင့် လိုဂိုများကို အသုံးပြုနိုင်ရန် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုကဲ့သို့သော ပြပွဲမျိုးကို နေပြည်တော်တွင် ထပ်မံပြုလုပ်မည် ဆိုပါက သွားရောက် ပြသမည် ဖြစ်ကြောင်း၊ SEA Games ပြိုင်ပွဲအတွက် ငွေကြေးများစွာ ထောက်ပံ့ ပေးနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ကဲ့သို့ပင် လာဘ်ကောင်နှင့် လိုဂိုများကို အသေးစား လုပ်ငန်းရှင်များပါ အသုံးပြုနိုင်သောကြောင့် ပြည်သူများ ပိုမိုသိရှိနိုင်မည် ဖြစ်ကြောင်း ယင်းပြပွဲသို့ လာရောက် ပြသသူ ဒေါ်မြတ်မိုမိုက ပြောကြားသည်။

ယင်းပြပွဲတွင် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အထိမ်းအမှတ် လာဘ်ကောင်နှင့် လိုဂိုများပါရှိသော အသုံးအဆောင် ပစ္စည်းများ၊ စာရေးကိရိယာများ၊ ကြွေထည် ပစ္စည်းများ၊ SEA Games အထိမ်းအမှတ် သီချင်းခွေများ၊ တံဆိပ်ခေါင်းများ၊ ကတ်ပြားများ၊ ပန်းချီကားများ၊ အထိမ်းအမှတ် အရုပ်များ၊ ရင်ထိုးနှင့် ပန်းချီဆွဲထားသော ကျောက်တုံးများ အစရှိသည့် ပစ္စည်း အမျိုးအစားပေါင်း များစွာကို ပြသထားရာ အဆိုပါ ပစ္စည်းများကို အများပြည်သူ ဝယ်ယူနိုင်ရေး အတွက် ထုတ်လုပ်ရောင်းချခွင့် လက်မှတ် ထုတ်ဝေ ပေးသွားမည် ဖြစ်ပြီး အားကစားကွင်း/ရုံများ၊ အားကစားရွာတို့အပြင် တစ်တိုင်းပြည်လုံးတွင် ရောင်းချခွင့် ပြုသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment