address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 29, 2013

ဇွဲကပင်ကေဘယ်လ်ကား ရန်ပုံငွေဖျော်ဖြေပွဲကို နယ်ခြားစောင့်တပ်နှင့် KNU လုံခြုံရေးတာဝန်ယူမည်


29.10.2013

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် ပြုလုပ်မည် ဇွဲကပင်တောင်ဆံတော် ရှင်ကေဘယ်လ်ကား စီမံကိန်းရန် ပုံငွေဖျော်ဖြေပွဲတွင် နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မှ လုံခြုံရေးတာဝန်ယူမည်ဖြစ်ကြောင်း ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်းဖြစ်မြောက်ရေး ကော် မတီအတွင်းရေးမှူး -၂ ဦးစောအောင်ချစ်က မဇ္ဈိမကိုပြောသည်။


အဆိုပါ ရန်ပုံငွေဖျော်ဖြေပွဲအတွက် နယ်ခြားစောင့်တပ် နှင့် KNU အဖွဲ့တို့မှ အင်အား ၂၅ ဦးဖြင့် လုံခြုံရေး တာဝန်ယူသွား မည်ဖြစ်သည်။

ဦးစောအောင်ချစ်က “နယ်ခြားစောင့်တပ်နဲ့ KNU အဖွဲ့ကအတွင်းစည်းကနေ လုံခြုံရေးကို တာဝန်ယူမှာ ဖြစ်တယ်။ အပြင်စည်း ကိုတော့ ဒေသဆိုင်ရာရဲတပ်ဖွဲ့က တာဝန်ယူသွားမယ်” ဟု ပြောသည်။

ဇွဲကပင်တောင် ဆံတော်ရှင်ကေဘယ်လ်ကား စီမံကိန်းရန်ပုံငွေပွဲကို ကရင်ပြည်နယ်နေ့ နိုဝင်ဘာလ ၇ ရက်မှစတင်ပြီး လေးရက်ကြာဟန်ဇာမိုးဝင်းဇာတ်သဘင် အဖွဲ့နှင့် Iron Cross (IC) အဖွဲ့တို့မှ ဖျော်ဖြေ ပေးသွားမည်ဖြစ်သည်။ အဆိုပါ ရန်ပုံငွေပွဲတွင် IC တီးဝိုင်းအဖွဲ့ကို တစ်ညဖျော်ဖြေမှုဝန်ဆောင်ခ ကျပ် သိန်း ၂၅၀ ဖြင့် ငှားရမ်းကာ ကျင်းပခြင်းဖြစ်သည်။

ဘားအံမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစောတင်မြင့်ကလည်း “ဒီနှစ် ကရင်ပြည်နယ်နေ့က ခါတိုင်းနှစ်တွေ ထက်ပိုစည်ကားမယ်။ ဇွဲကပင်တောင်ဆံတော်ရှင် ကေဘယ်လ်ကားစီမံကိန်းရန်ပုံငွေပွဲလည်း ရှိတယ်ဆို တော့ပိုစည်ကားမယ်။ ပြဿနာတော့ မရှိပါဘူး။ လုံခြုံရေးတွေက ရှိပြီးသားပါ” ဟု ပြောသည်။

ဇွဲကပင်တောင် ဆံတော်ရှင်ကေဘယ်လ်ကားစီမံကိန်းအား ပီနန်ဆရာတော်၊ ဇွဲကပင်တောင်ဆရာတော် နှင့်သုံးထပ်ကျောင်း ဆရာတော်သုံးပါးတို့၏ ကြီးမှူးဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်း အတွက်လိုအပ်သည့် အစိတ်အပိုင်းများကို ဆွစ်ဇာလန်နှင့် သြစတြေးလျနိုင်ငံတို့မှ မှာယူမည်ဖြစ်ပြီး မလေးရှားမှ ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ တည်ဆောက် မည်ဖြစ်သည်။ ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း ၂၀ ကျော် ကုန်ကျ မည်ဖြစ်သည်။

အဆိုပါစီမံကိန်းဖြစ်မြောက်ရေး ရန်ပုံငွေရရှိရေးအတွက် ဆရာတော်ကြီးများကလည်း ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မန္တလေး၊ ကလော၊ အောင်ပန်း၊ တောင်ကြီးတို့တွင် တရားပွဲများပြုလုပ်ခဲ့သလိုနောင်တွင် လည်း နယ်လှည့်တရားပွဲများ ဆက်လက်ပြု လုပ်သွားမည်ဖြစ်သည်။

ကေဘယ်လ်ကားသည် လူ ၄၀အထိ စီးနင်းနိုင်သော အကြီးစားဖြစ်ပြီး ကေဘယ်လ်ကားကြိုးကို လျှပ်စစ် မော်တာဖြင့် ဆွဲတင်ပို့ရသည့်စနစ်ဖြစ်သည်။ ကေဘယ်လ်ကား တပ်ဆင်ပြီးသွားပါက အထက်နှင့် အောက် ၁၆၅၀ မီတာကွာဝေးသော ဇွဲကပင်ဆံတော်ရှင်စေတီအား မိနစ်အနည်းငယ်ခန့်ဖြင့် ဖူးမြော်နိုင်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment