address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 25, 2013

ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်များ ခိုင်မာမှုမရှိ

25.10.2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်များက ခိုင်မာမှု မရှိကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သော ၆ ကြိမ်မြောက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ဖိုရမ်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

''အခုလက်ရှိ ဖြစ်နေတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေဟာ အစပျိုးတဲ့ သဘောတူညီချက်တွေ ဖြစ်တယ်။ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေးတွေ ရပ်သွားအောင် လုပ်ရတဲ့ စာချုပ်တွေဖြစ်တယ်။ ဒီစာချုပ်တွေဟာ ခိုင်မာတဲ့စာချုပ်တွေ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီထဲမှာ တပ်တွေဘယ်လို နေရာချထားမလဲ။ တစ်ယောက်နဲ့တစ်ယောက် တစ်ခုခုဖြစ်ရင် ဘယ်လိုဆက်သွယ် မှုတွေနဲ့ သေသေချာချာ လုပ်မလဲ'' ဟု MPC မှ ဦးအောင်နိုင်ဦးက ပြောကြားပါသည်။

ထို့အတွက်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို စည်းရုံးနေပြီး ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကို စတင်ခြင်း မပြုသေးဘဲ မည်သည့် အတွက်ကြောင့် နောက်တစ်ကြိမ် လက်မှတ်ရေးထိုး ရမည်နည်းဟု မေးခွန်းထုတ်ထားပါသည်။

ထို့အတူ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပြီး ချိန်တွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေခြင်းနှင့် ဆက်စပ်ပြီး အစိုးရဘက်မှ သဘောတူညီချက်များကို ချိုးဖောက်ခြင်းသာ ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိပါသည်။ ပြီးခဲ့သည့် ငါးလတာ ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲပေါင်း အကြိမ်(၁၀၀) နီးပါး ဖြစ်ပွားခဲ့ပါသည်။

အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၇) ဖွဲ့ ရှိသည့်အနက်(၁၄)ဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုများ ရှိခဲ့ပြီး ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရခိုင်တပ်မတော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပါသည်။

Eleven Media Group

No comments:

Post a Comment