address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 30, 2013

KNU အထူးစုံစမ်းရေးကော်မရှင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို စတင်စစ်ဆေး


30.10.2013

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် အပါအဝင် မြို့ကြီးအချို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကို ပြန်လည် စုံစမ်းရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖွဲ့စည်းထားသော အထူးစုံစမ်း စစ်ဆေးရေးကော်မရှင်က ပြည်တွင်း၌ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောဖောဒိုက ပြောကြားသည်။


ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် အောက်တိုဘာ ၂၅ ရက်နေ့ ဘားအံခရိုင် KNU တပ်မဟာ (၇) ဌာနချုပ်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ တပ်မဟာ အသီးသီးမှ တပ်မှူးများ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကော်မရှင်ကနေပြီးတော့ ကြပ်ကြပ် မတ်မတ် စစ်ဆေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် KNU က ပါဝင်ပတ်သက်မှု ရှိနေသောကြောင့် ယင်း ဖြစ်ရပ်များကို KNU မှ တာဝန်ယူ စုံစမ်းဖော်ထုတ်ရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု အထူးစုံစမ်း စစ်ဆေးရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် KNU ဗိုလ်မှူးကြီး စောရောဂျာခင်၊ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး စောဖောဒိုနှင့် အဖွဲ့ဝင်များအဖြစ် KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး၊ ဖဒိုစောအောင်မော်အေး၊ ဗိုလ်မှူး စောတာမလာသောနှင့် ဖဒိုစောအယ်ကလူစေးတို့ ပါဝင်ကြောင်း KNU ထံမှ သိရသည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်နှင့် စားသောက်ဆိုင် အချို့တွင် ဗုံးပေါက်မှုနှင့် ဗုံးဖောက်ခွဲရန် ပြုလုပ်ခဲ့သူများသည် KNU တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး နှင့် KNU စီးပွားရေးလုပ်ငန်း များတွင် လုပ်ကိုင်နေသူ စောနေတိုးက ခိုင်းစေသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့က KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒို မန်းငြိမ်းမောင်နှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုစောရွှေမောင်းတို့က ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားသည်။

အဆိုပါ ဗုံးဖောက်ခွဲသူများသည် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်နှင့် ပုဂံတွင်လည်း ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ကြောင်း KNU ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယင်းဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် KNU နှင့် အစိုးရတို့ကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်မည် မဟုတ်ဘဲ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ အမှုမှန် ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ်ကာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment