address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 24, 2013

DKBA အဖွဲ့နှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လုပ်ကိုင်ခွင့်ပေးသည့်ဟိုတယ်စီမံကိန်း ဆက်လက်တည်ဆောက်မည်ဟုဆို

24.10.2013

ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်ကမ်း နံဘေးတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းအနီး သုံးထပ်ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းနှင့် အဆင့်မြင့်ကုန်တိုက်တည်ဆောက်ရေးလုပ်ငန်း ကို ပြည်ထောင်စုအစိုးရထံတွင် တစ်နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်ရန် ကတိခံဝန်ရှိသည့် အတွက် အဆိုပါတည်ဆောက်ရေးလုပ်ငန်းကို ကန့်ကွက်သူအချို့ကြောင့် ရပ်နားရန်တာဝန်မရှိ ကြောင်း ဦးစောသန်းမြဝင်း (မြတ်ဌေးကြွယ်လင်း Co,MD) ပြောကြားသည်။


ဦးစောသန်းမြဝင်း(DKBA ငြိမ်းချမ်းရေး အဖွဲ့တာဝန်ရှိသူ)နှင့် ဦးစောကျော်သိန်း(အင်ဂျင် နီယာမန်နေဂျာ)က ယခုလ ၁၃ ရက်တွင် ကရင် ပြည်နယ် သံလွင်မြစ်အနီးရှိ သုံးထပ်ဟိုတယ်နှင့်အဆင့်မြင့်ကုန်တိုက်လုပ်ငန်းခွင်တွင် ပြောကြား ရာ ''ကျွန်တော်တို့ပြော ချင်တာက နိုင်ငံတော်က ၂ဝဝဝ ပြည့်နှစ်မှာ DKBA အဖွဲ့ ငြိမ်းချမ်းရေး ပြန်လာတုန်းက လုပ်ကိုင်စားသောက်ဖို့အတွက် အနေနဲ့ ဒီလုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ပါမစ်ချပေး တယ်။ အစိုးရကို ကျွန်တော်တို့က ပုံမှန်အခွန် သွင်းတယ်။ နှစ် ၉ဝ အတွင်း လုပ်ကိုင်စား သောက်လို့ရတယ်ပေါ့။ တရားဝင်တင်ပြထားတဲ့ သုံးထပ်တိုက်နဲ့ အဆင့်မြင့်ကုန်တိုက်ကို ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းခွင်ပေါ် လာအောင် ဖန်တီးတာဖြစ်ပါတယ်''ဟု ပြောဆိုသည်။

အဆိုပါဟိုတယ်နှင့်အဆင့်မြင့်ကုန်တိုက် တည်ဆောက်မှုသည် လွတ်လပ်ရေးကျောက်တိုင် (ဘားအံ)၏ ဝန်းကျင်တွင်ရှိနေခြင်း၊ ယခင် ဘောလုံးကစားကွင်းအဖြစ် လူငယ်များအသုံးပြု ကြခြင်းကြောင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့က လွှတ်တော်တွင်အများပြည်သူပိုင်မြေအားလုပ်ငန်း တည်ဆောက်မှုအပေါ် ကန့်ကွက်မှုများကို စက်တင်ဘာလတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''သံလွင်မြစ်ဘေးကနေ ကမ်းနားတစ် လျှောက် ကျွန်တော်တို့မြို့ ဘားအံအနေနဲ့ ဂုဏ် ဆောင်နိုင်မယ့်အဆောက်အအုံပါ။ ဘားအံမြို့ရဲ့ နှစ်ထပ်ဈေးကြီးလဲ လူဦးရေတိုးလာတာနဲ့ အဆင့် မမီတော့ဘူး။ ကားပါကင်လဲမရှိဘူး။ မြို့နယ် လူထုသဘောထားက အုပ်ချုပ်ရေးမှူးကိုယ်တိုင် သဘောကျတယ်၊ သဘောမကျဘူးဆိုတာတော့ အနည်းအကျဉ်းပါပဲ''ဟု ဦးစောသန်းမြဝင်းက ဆက်လက်ပြောကြားသည်။

၎င်းဟိုတယ်နှင့် ကုန်တိုက်အဆောက်အအုံ စီမံကိန်းကို မြတ်ဌေးကြွယ်လင်းဆောက်လုပ်ရေး ကုမ္ပဏီက နှစ်ဧကပတ်လည် တည်ဆောက်ခွင့် ရရှိထားပြီး သိန်းပေါင်းနှစ်သောင်း အကုန်ကျခံ တည်ဆောက်မည်ဖြစ်သည်။ အခန်းပေါင်း ၆ဝပါ သုံးထပ် အဆောက်အအုံဟိုတယ်နှင့် ကားအစီး ၅ဝ ရပ်နားနိုင်မည့်ကားပါကင်ပါသည့် အဆင့်မြင့် ကုန်တိုက်ကို ယခုနှစ်အတွင်း အပြီး တည်ဆောက် ရန်လျာထားကြောင်းသိရသည်။

မြတ်ဌေးကြွယ်လင်းကုမ္ပဏီ၏ မန်နေဂျာ အင်ဂျင်နီယာဦးစောကျော်သိန်းက ''လောလော ဆယ် ကျွန်တော်တို့လုပ်ငန်းခွင်ရပ်ဆိုင်းဖို့ မရှိ ပါဘူး။ ပြည်ထောင်စုအစိုးရအထိ အဆင့်ဆင့် ထောက်ခံချက်တောင်းရတယ်။ ဟိုတယ်နဲ့ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးရဲ့ စိစစ်ခွင့်ပြုချက် နဲ့လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်နှစ်အတွင်း ပြီးအောင် ဆောက်ပါ့မယ်ဆိုတဲ့ အလုပ်လဲဖြစ် တော့ ကတိဝန်ခံချက် လဲရှိတဲ့အတွက် ကျွန်တော် တို့လုပ်ငန်းစဉ်ကို ရပ်ဆိုင်းလို့မရဘူးပေါ့။လူထုရဲ့ ကန့်ကွက်မှုတွေကို မလေးစားဘူး၊ မယုံကြည်လို့ မဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရကသာမင်းတို့ ရပ်ဆိုင်းလိုက်ပါဆိုရင် ကျွန်တော်တို့အနေနဲ့ ပြည် ထောင်စုအမိန့်ကို လွန်ဆန်လို့ မရပါဘူး။ ဥပဒေ အရ ဒီလုပ်ငန်းခွင်ကို ရပ်ဆိုင်းရမှာပါ''ဟု ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းနိုင်ငံခြားသားဧည့်သည် ဆွဲဆောင်နိုင်သည့် သဘာဝသယံဇာတနှင့်ရှုမျှော် ခင်း စုံလင်စွာတည်ရှိနေပြီး ကရင်ပြည်နယ် ဒေသအလှနှင့် သံလွင်မြစ်သဘာဝအလှခံစားရန် အဆင့်မြင့်ဟိုတယ်နှင့် ကုန်တိုက်လုပ်ငန်းများ ကရင်ပြည် နယ်ဒေသတွင် လိုအပ်ချက်ရှိနေဦးမည် ဖြစ်ကြောင်း၊ ကရင်ပြည်သူလူထုလိုလားသည့် ကရင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအ      တွ က်ဒေသခံ များနှင့်ထပ်တူ မိမိကုမ္ပဏီအနေဖြင့် ဖြည့်ဆည်း မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းခွင်ဖန်တီးရာတွင် ဒေသခံလူထု အလုပ်အကိုင်ရရှိမည့်အခွင့်အလမ်း များ တိုးတက်လာနိုင်သောကြောင့် ပြည်သူ လိုလားသည့် စီမံကိန်းဖြစ်ရန်မျှော်လင့်ကြောင်း အဆိုပါ မြတ်ဌေးကြွယ်လင်းကုမ္ပဏီ၏ MD ဦးစောသန်းမြဝင်းက ပြောကြားသည်။

The Union Daily 

No comments:

Post a Comment