address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, October 27, 2013

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုများနှင့် သီးခြားတွေ့ဆုံ

27.10.2013

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်သည် ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများနှင့် သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ဒဲရစ်မစ်ချယ်သည် ကချင်ပြည်နယ် အစိုးရ၊ ကချင်ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီ၊ ကစ်သလစ် ဘာသာဝင်များ၊ ဘုန်းတော်ကြီးများ၊ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်မှ ဓမ္မဆရာများနှင့် တွေ့ဆုံပြီးနောက် ယနေ့ညနေပိုင်းတွင် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံမှုတွင် ဒဲရစ်မစ်ချယ်က "ကချင်ပြည်နယ်ကိုရောက်တာ ဒုတိယအကြိမ်ပါ။ ကချင်ပြည်နယ်တွင်းက ရှမ်းတွေရဲ့ အကြောင်းကို သိပ်မသိရဘူး။ ခင်ဗျားတို့ရဲ့ ခံစားချက်လည်း အရေးကြီးပါတယ်" ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသားရေးရာ အဖွဲ့မှ အဖွဲ့ဝင်များက ကချင်ပြည်နယ်သည် ၁၉၄၈ မတိုင်မီက မြေပြန့်တောင်ပေါ် ခွဲခြားအုပ်ချုပ် ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း ကချင်ပြည်နယ် သတ်မှတ်ခဲ့သည့် အချိန်တွင် ရှမ်းနယ်မြေများစွာ ပါဝင်ကြောင်း၊ ကချင်ပြည်နယ်၏ ခရိုင်လေးမြို့၏ အမည်များမှာ ရှမ်းနာမည်သာ ဖြစ်ပါကြောင်း၊ ကေအိုင်အို ပေါ်ပေါက်ပြီးနောက်ပိုင်း ရှမ်းရွာများတွင် ကေအိုင်အေ၏ အသတ်မခံရသော ကျေးရွာများ မရှိသလောက် ဖြစ်ပါကြောင်း၊ ကေအိုင်အေအဖွဲ့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ မြောက်မြားစွာ လုပ်ခဲ့ပါကြောင်း၊ ဒေသခံများမှာ အသက်အန္တရာယ်ကို ထိခိုက်လာသည့်အတွက် မည်သည့်အဖွဲ့အစည်းကိုမျှ တင်ပြခဲ့ခြင်း မရှိပါကြောင်း၊ မြေပြန့်ဒေသတွင် လူပေါင်းများစွာကို ဒုက္ခပေးနေသော မူးယစ်ဆေးဝါး၏ အရင်းမူလနေရာမှာ လက်နက်ကိုင်တို့၏ နေရာသာ ဖြစ်ပါကြောင်း၊ မိမိတို့ လူဦးရေမှာ ချင်းထက်မနည်းသော လူဦးရေရှိပြီး ကချင်ပြည်တွင်းက ရှမ်းများမှာ သီးခြားစွာ ပြည်နယ်တစ်ခုအဖြစ်သာ နေလိုပါကြောင်း တင်ပြသွားကြသည်။

အစည်းအဝေးတွင် အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က "ခင်ဗျားတို့ ပြောတာတွေကို ယခုမှသာ ကြားရတာပါ။ ကေအိုင်အေက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထုတ်နုတ်တင်ပြထားတာတွေ ရှိပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းကျရင် လူဦးရေ တိတိကျကျတွေ ရမှာပါ။ လူမျိုးတစ်မျိုးဟာ လူဦးရေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အခွင့်အရေးတန်းတူ ရှိသင့်ပါတယ်" ဟု ပြောကြားသည်။

ပြီးခဲ့သော အစိုးရနှင့် ကေအိုင်အိုတို့ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲတွင် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ (ကချင်ပြည်နယ်) က နှစ်ဖက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အား တောင်းဆိုချက် (၁၀) ချက်ကို တောင်းဆိုခဲ့သည်။ အဆိုပါ တောင်းဆိုချက်များတွင် နှစ်ဖက်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အား ငြိမ်းချမ်းရေးကိစ္စ အမြန်အကောင်အထည်ဖော်ရန်၊ ဒုက္ခသည်များအတွက် အကူအညီ ရောက်လာပါက အခြားသော တိုင်းရင်းသားများ နည်းတူညီမျှစွာ ခံစားခွင့်ပေးရန်၊ ကာယကံရှင် ဆန္ဒမပါဘဲ ဖမ်းဆီးခေါ်ဆောင်သွားသော ရှမ်းမျိုးနွယ်စုဝင်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းတို့ကို မပြုလုပ်ရန်တို့ ပါဝင်သည်။

Eleven Media Group

No comments:

Post a Comment