address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 31, 2013

လိုင်ဇာညီလာခံ ပြည်သူအများ စောင့်ကြည့်နေ၍ အမှားမခံနိုင်ဟု KIO ဒုတိယဥက္ကဋ္ဌ ပြောကြား


31.10.2013

KIO ဌာနချုပ် လိုင်ဇာမြို့တွင် ယနေ့ စတင်ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးပွဲကို ပြည်သူ အများ စောင့်ကြည့်နေသောကြောင့် လုံးဝအမှားခံမည် မဟုတ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။
“ဒီအစည်းအဝေးရလဒ်ကို တစ်ပြည်လုံးကရော နိုင်ငံတကာကပါ စောင့်နေ ပါတယ်။ ကျွန်တော်တို့ အမှားမခံနိုင်တော့ပါဘူး။ သေချာတိကျဖို့ လိုတဲ့အပြင် ကျွန်တော်တို့ သတ္တိရှိဖို့လည်း လိုပါတယ်” ဟု အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီး အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် နိုင်ငံရေး ပြဿနာများ၏ အဓိက အကြောင်းအရင်းမှာ ပင်လုံ ကတိကဝတ်များကို လိုက်နာခြင်း မရှိ၍ ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်နက်ကိုင် ပဋိပက္ခသည် နိုင်ငံရေး ပြဿနာ များကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပြီး ယင်းပြဿနာများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် တစ်ဆင့်ချင်း ဖြေရှင်းနိုင်ရန် ကြိုပမ်းရမည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက အဆိုပါ ညီလာခံတွင် ပြောကြားသည်။

ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြခြင်း၏ အဓိက လိုလားချက်များကို ရရှိရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ညီညွတ်ရန် အရေးကြီးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

စည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် ပထဝီ အနေအထားနှင့် လူမျိုး အသီးသီး၏ ဓလေ့စရိုက်များ ကွဲပြားသည့်အတွက် အရာအားလုံး ထပ်တူ မကျနိုင်သော်လည်း တိုင်းရင်းသား အဖွဲ့အစည်းအားလုံး တန်းတူ ညီညွတ်ရေး ဖော်ဆောင်ရမည်ဟု ၎င်းကဆိုသည်။

အဆိုပါ ညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၈၀ နီးပါး တက်ရောက် လာသော်လည်း ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် အခြေစိုက်သည့် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA) နှင့် မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့တို့သည် ယင်းညီလာခံ တက်ရောက်ခြင်း မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံမှ သိရှိရသည်။

အဆိုပါ ညီလာခံသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယင်းညီလာခံသို့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံကို အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းပြည်ပ လေ့လာသူ ၇၀ နီးပါး တက်ရောက်ကြောင်း လက်နက်ကိုင် တပ်ဖွဲ့များထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment