address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 28, 2013

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းလူမျိုးများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြရန် စီစဉ်နေ

28.10.2013

ကချင်ပြည်နယ်အတွင်း နေထိုင်သော ရှမ်းလူမျိုးစုများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့က စစ်တမ်းကောက်ယူပြီး နိုင်ငံတကာ လူ့အခွင့်ရေး ကော်မရှင်ထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းက အောက်တိုဘာ ၂၇ ရက်က မဇ္ဈိမသို့ ပြောသည်။

ယင်းသို့ လူဦးရေစာရင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုစစ်တမ်းများ ကောက်ယူခြင်းကို ယခုနှစ် အတွင်း အပြီးလုပ်ဆောင်မည်ဖြစ်ပြီး နိုင်ငံတကာလူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြခြင်းကို လာမည့် ၂၀၁၄ နှစ် ဆန်းပိုင်းတွင် တင်ပြနိုင်ရန် ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဦးစိုင်းထိန်လင်းက “KIA ကို ဆက်ကြေးမပေးရတဲ့ ရှမ်းရွာ မရှိဘူး။ ပေးတာကို သိရင် အစိုးရက အရေးယူ တယ်။ ကျွန်တော်တို့က ကြားညပ်နေတဲ့ အခြေအနေ။KIA ရဲ့ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေ လည်း အများကြီးပဲ ကြုံရတယ်။ ဒါတွေကို မြန်မာအစိုးရနဲ့ ကမ္ဘာကပါ သိအောင်ဖော်ထုတ်မှာပါ” ဟု ပြော သည်။

ကချင်ပြည်နယ်တွင်း နေထိုင်သော ရှမ်းမျိုးနွယ်စု လူဦးရေမှာ ခုနှစ်သိန်းခန့်ရှိပြီး ကျေးရွာပေါင်း ၈၀၀ ကျော် ရှိသည်ဟုလည်း ၄င်းကပြောသည်။

ဦးစိုင်းထိန်လင်းက “စစ်သားစုဆောင်းတာ၊ ဆက်ကြေးတောင်းတာတွေ ဘယ်သူမှ မပြောရဲကြတော့ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ကျွန်တော်တို့ ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ကချင်တွေပဲ ရှိတယ်လို့ သူတို့က ပြောတဲ့တွက် လူဦးရေစာရင်းကိုလည်း ကောက်ခံမှာ ဖြစ်ပါတယ်။ ပြီးရင် အစိုးရအဖွဲ့ အသီးသီးနဲ့ နိုင်ငံတကာ လူ့အခွင့်ရေးကော်မရှင်ကို တင်ပြသွားဖို့ ရှိပါတယ်” ဟု လည်းဆိုသည်။

ကချင်ပြည်နယ်အတွင်း နေထိုင်သည့် ရှမ်းမျိုးနွယ်စုဝင်များနှင့် အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်သည် အောက်တိုဘာ ၂၅ ရက်က တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံစဉ် ရှမ်းမျိုးနွယ်စုများ၏ လူ့အခွင့်ရေး ချိုး ဖောက်ခံရမှုများကို တင်ပြခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

“သူ့(ဒဲရစ်မစ်ချယ်)အနေနဲ့ ကချင်ပြည်နယ်ကို နှစ်ကြိမ်ရောက်ပြီးပေမယ့် ကချင်ပြည်နယ်ထဲမှ ရှမ်းလူမျိုး တွေ ဒီလိုရှိတာ မသိခဲ့ဘူး။ အခုမှသိရတယ်လို့ ပြောပါတယ်” ဟု လည်း ဦးစိုင်းထိန်လင်းက မဇ္ဈိမသို့ ပြော သည်။

ကချင်ပြည်နယ်တွင်း နေထိုင်သော ရှမ်းလူမျိုးများမှာ မြေပြန့်ဒေသတွင် အများစုနေထိုင်ကြပြီး စိုက်ပျိုးရေး နှင့် ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်ဟုလည်း ရှမ်းနီပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောသည်။

ကချင်ပြည်နယ်တွင်း နေထိုင်သည့် ရှမ်းလူမျိုးစုများ၏ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ကချင်ပြည် နယ်သို့ သွားရောက်ခဲ့စဉ်ကလည်းတင်ပြခဲ့သည်ဟု ၎င်းက ပြောသည်။

၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှစ၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ကချင်ပြည်နယ်သို့ ခုနစ်ကြိမ် လာရောက်ခဲ့ပြီး ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment