address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 24, 2013

သံချောင်း (ခေါ်) စ၀်ခွန်ကျော်သည် RCSS နှင့် ဆက်နွှယ်ပြီး ပြစ်ဒဏ်ကျခံ နေရသောကြောင့် နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်နေခြင်းဖြစ်ပြီး ပါဂျောင်ကိစ္စကိုမူ ဥပဒေအရ ဆက်လက်ဆောင်ရွက်လို့ ရသည်ဟု နိုင်/စစ် ကော်မတီ အဖွဲ့ဝင် ပြောကြား


24.11.2013

ဦးသံချောင်း (ခေါ်) စ၀်ခွန်ကျော်သည် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ဆက်နွှယ်ပြီး ပြစ်ဒဏ်ကျခံ နေရသောကြောင့် နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်နေခြင်းဖြစ်ပြီး ပါဂျောင်ကိစ္စကိုမူ ဥပဒေအရ ဆက်လက်ဆောင်ရွက်လို့ ရသည်ဟု နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး အပြီးတွင် ကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။

လက်ရှိတွင် ဦးသံချောင်း (ခေါ်) စ၀်ခွန်ကျော်အား RCSS ၏ ထောက်ခံချက်ဖြင့် စိစစ်ရေး ကော်မတီမှ နိုင်ငံရေး အကျဉ်းသား ဖြစ်၊ မဖြစ် စိစစ်နေသော်လည်း မြန်မာပြည်မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး CID တပ်ဖွဲ့က စစ်ဆေးခဲ့ပြီး သက်ဆိုင်သူများကိုလည်း ထပ်မံမေးမြန်း စုံစမ်းနေကြောင်း မေးမြန်းခံရသူများ၏ ပြောကြားချက်များအရ သိရသည်။

ဦးရဲအောင်က "ကိုသံချောင်းကို နိုင်ငံရေးအ ကျဉ်းသားထဲ ဘာလို့ထည့်တာလည်းဆိုရင် ကိုသံချောင်းက ကျွန်တော်တို့ သတ်မှတ်တာ နှစ်ဘ၀ပါ။ အခုလက်ရှိ ကျနေတာ RCSS တပ်မှူးအနေနဲ့ တပ်ဖွဲ့ဝင် အနေနဲ့ ထောင်ကျနေတာ ဖြစ်ပါတယ်။ သူက မြောက်ပိုင်းကိစ္စ၊ ပါဂျောင်ကိစ္စနဲ့ ထောင်ကျနေတာ မဟုတ်ပါဘူး။ ဒါက သူ့ရဲ့သီးခြား ကိစ္စတစ်ခုပါ။ ကျွန်တော်တို့က လက်ရှိသူကျနေတဲ့ အမှုကိုပဲ ကျွန်တော်တို့ စဉ်းစားပြီးတော့ နိုင်ငံရေး အကျဉ်းသားအဖြစ် ထည့်တာပါ။ ဒီအကျဉ်းသားအဖြစ်နဲ့ပဲ လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာပါ။ ဒီက လွတ်သွားပြီးတဲ့ အခါမှာ သူဟာ သူပါဂျောင်မှာ ဖြစ်တဲ့ကိစ္စကို ဥပဒေအရ ဆက်လက်ဆောင်ရွက်တာကို ကျွန်တော်တို့ ဘာမှပြောလိုခြင်း မရှိပါဘူး။ ဆောင်ရွက်လို့ ရပါတယ်" ဟု ပြောကြားသည်။

ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားအချင်းချင်း စွပ်စွဲသတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး သေဆုံးသူများ၏ မိသားစုဝင်များက ပြစ်မှုကျူးလွန်သူများ ဥပဒေကြောင်းအရ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ တိုင်ချက်ဖွင့်လှစ်ခြင်း၊ နိုင်ငံတော် သမ္မတထံသို့ စာရေးသား ပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

၁၉၉၁/၉၂ အောက်တိုဘာက ကချင်ပြည်နယ် ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့အတွင်း၌ ဖြစ်ပွားခဲ့သော စစ်ထောက်လှမ်းရေးဟု မတရားစွပ်စွဲ သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ကျောင်းသားရဲဘော် ၃၉ ဦးတို့၏ သတ်ဖြတ်ညှဉ်းဆဲခံခဲ့ ရပုံများနှင့် ပတ်သက်ပြီး မြောက်ပိုင်းပြန် ကျောင်းသားများက ၎င်းတို့၏ အတွေ့အကြုံများကို ၂၀၁၂ ခုနှစ် သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment