address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 22, 2013

ထိုင်းရေလုပ်ငန်းနှင့် လူကုန်ကူးမှု


22.11.2013

ငါးဖမ်းလုပ်ငန်းသည် ထိုင်းနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် နေထိုင်ကြသူများအတွက် အဓိကကျသည့် အသက်မွေးဝမ်းကျောင်းအဖြစ် တည်ရှိနေသည်မှာ ကြာညောင်းပြီ ဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ် တစ်ဝက်ခန့်မှစကာ ထိုင်းငါးဖမ်းလုပ်ငန်း၏ စက်ရုံအလုပ်ရုံများ အလျင်အမြန် တိုးတက်ဖွံ့ဖြိုး လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ၏ စီးပွားရေးလည်း သိသိသာစွာ တိုးတက်ဖြစ်ထွန်း လာခဲ့သည်။ ထိုင်းငါးဖမ်းလုပ်ငန်း၏ သဘောသဘာဝပါ အခြေခံကျကျ ပြောင်းလဲလာခဲ့သည်။


သို့သော် ပင်လယ်တွင်းမှ စီးပွားရေးနှင့် လူမှုရေး သက်ဆိုင်သော ထိုင်းနိုင်ငံသားများ၏ ဘ၀များက ပြောင်းလဲမှု မရှိခဲ့။ နေ့စဉ်နေ့တိုင်း ထောင်ပေါင်းများစွာသော ငါးဖမ်းလှေများသည် ထိုင်းပင်လယ်ကွေ့၊ ဘင်္ဂလား ပင်လယ်အော်ဘက်နှင့် အခြားပင်လယ်ပြင်များသို့ သွားကာ လူးလာခေါက်ပြန် လွန်းပြန်ပြေးဆွဲသလို ငါးဖမ်းလုပ်ငန်းသာ လုပ်ကိုင်နေခဲ့ ကြရသည်။

ကမ္ဘာ့အနှံ့အပြားတွင် ရေလုပ်ငန်းမှ ထုတ်လုပ်သည့် ထုတ်ကုန်များ၏ ရောင်းဝယ်ဖောက်ကား မှုကလည်း အမြင့်ဆုံးမှတ်တမ်းအဖြစ် ရှိနေသည်။ ယခုဆိုလျှင် ဖွံ့ဖြိုးဆဲ တိုင်းပြည်များ၏ ပြည်ပပို့ကုန် တန်ဖိုး၏ ထက်ဝက်ကျော်သည် ငါးလုပ်ငန်းမှ ထုတ်လုပ်သည့် ထုတ်ကုန်များ ဖြစ်နေသည်။ မိမိနိုင်ငံတွင်ပင်လျှင်၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရာ၌ ရှစ်လတာ ကာလအတွင်းတွင် အမေရိကန် ဒေါ်လာ သန်း ၃၃၀ နီးပါး ရရှိထားသည်။

ယခင်နှစ်များကဆိုလျှင် ထိုင်းနိုင်ငံ၏ ရေလုပ်ငန်း ထုတ်လုပ်ကုန်တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော် ရှိခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ၏ ရေလုပ်ငန်း ကုန်ထုတ်လုပ်လုပ်ငန်းသည် ရေရှည်ရပ်တည် နိုင်ရန်အတွက် ပူပန်များများစွာ ရှိခဲ့ကြသည်။ ထိုင်းငါးဖမ်းလုပ်ငန်း လုပ်ကိုင်သည့် ဒေသသည် ကမ္ဘာပေါ်တွင် အများဆုံး ငါးဖမ်းနေသည့် နေရာတစ်နေရာ ဖြစ်နေသည့် အတွက် ငါးနှင့် ရေထွက်သယံဇာတများ လျော့နည်းကုန်ခန်း လာမှုက ထိုင်းရေလုပ်ငန်း၏ ကုန်ထုတ်လုပ်ငန်းကို ခြိမ်းခြောက်လာနေသည်။

ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုဖြင့် အလွန်အကျွံ ငါးဖမ်းမှုများက ထိုင်းငါးဖမ်း လှေများအတွက် ငါးရရှိမှုနှုန်းများ ကျဆင်းလာစေသည်။ တစ်ချိန်တည်းမှာပင် ငါးဖမ်းလှေ တစ်စင်း၏ ငါးဖမ်းမှု စရိတ်ကလည်း မြင့်တက်နေဆဲဖြစ်သည်။ ထိုလုပ်ငန်း ရေရှည်တည်တံ့ စေရန်နှင့် စံနမူနာပြ စီးပွားရေးလုပ်ငန်း ဖြစ်ရန်ဆိုသည့် စိန်ခေါ်မှုများကြောင့် ထိုင်းငါးဖမ်း လုပ်ငန်း၏ အလုပ်သမားအင်အား ဖွဲ့စည်းမှုများ ပြောင်းလဲလာခဲ့ရသည်။

၁၉၈၉ ခုနှစ်တွင် ထိုင်းနိုင်ငံ ပင်လယ်ပြင်တွင် သဘာဝဘေးဒဏ် ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် ထိုင်းငါးဖမ်း လှေများတွင် ထိုင်းလူမျိုးများ ပါဝင်လုပ်ကိုင်လိုမှု နည်းပါးလာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်လွန် နောက်ပိုင်းတွင် ထိုင်းငါးဖမ်း လုပ်ငန်း၏ လုပ်ကိုင်မှု အခြေအနေနှင့် အလုပ်ရရှိမှုပုံစံပါ ပြောင်းလဲလာခဲ့သည်။ ထိုင်းနိုင်ငံသားများ ငါးဖမ်းလုပ်ကိုင်မှုကို လုပ်ကိုင်လိုစိတ် မရှိကြတော့သည့်အတွက် အလုပ်သမား ပြတ်လပ်မှု ရှိခြင်းကြောင့် စဉ်ဆက်မပြတ် အစားထိုး ၀င်ရောက်လာသူများမှ အိမ်နီးချင်း နိုင်ငံများဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်လာကြတော့သည်။ ထိုသို့ ဖြစ်လာရသည်မှာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှု ကွာဟမှုကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ထိုင်းငါးဖမ်းလှေများတွင် ငါးဖမ်းသမားအဖြစ် လုပ်ကိုင်နေကြ သူများသည် မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ တရားမ၀င် ရောက်ရှိလာကြသော ရွှေ့ပြောင်း အလုပ်သမားများက ကြီးစိုးလွှမ်းမိုး လာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

ထိုင်းနိုင်ငံ ငါးဖမ်းလှေများပေါ်တွင် အလုပ်ဆင်းနေသည့် ရွှေ့ပြောင်း အလုပ်သမားများအား အလုပ်ခန့်ထားမှု တရားဝင်ဖြစ်ရေး လုပ်ဆောင်မှုသည် တာဝန်ရှိသူများအတွက် ခက်ခဲရှုပ်ထွေးမှု ရှိလှသည်။ ထိုအချက်များက ငါးဖမ်းသမားများ အတွက် လူကုန်ကူးခံရနိုင်ဖွယ် အကြောင်းရင်းခံ ဖြစ်လာသည်။ မကြာသေးမီက ထိုင်းနိုင်ငံ ငါးဖမ်းလှေများပေါ်တွင် အနိုင်ထက် ပြုကျင့်မှုများနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ သတင်းများများစွာ အစီရင်ခံစာများ တွင်တွင် ဖော်ပြလာကြသည်။ မီဒီယာများတွင်လည်း အတင်းအဓမ္မ ခိုင်းစေမှုနှင့် လူကုန်ကူးခံရမှုများကို ဖော်ပြလာကြသည်။ ထို့အပြင် ထိုင်းငါးဖမ်း လုပ်ငန်းအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများ၊ ထိုထုတ်ကုန်များ ၀ယ်ယူသည့် ဈေးကွက်များ၊ ၀ယ်ယူသူများက ဖိအားပေးမှု ရှိလာခဲ့သည်။ ထိုလုပ်ငန်းကို စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းသိမ်းရန် ပြောဆိုဝေဖန်မှုများလည်း ညံလာခဲ့သည်။ ထိုလုပ်ငန်း ဧရိယာအား သုတေသနပြုရန် စိန်ခေါ်မှုများ ရှိနေသောကြောင့် မည်မျှအတိုင်းအတာထိ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရမှုနှင့် ထိုငါးဖမ်းလုပ်ငန်း သဘာဝတို့ကို အကဲဖြတ်ချင့်တွက်ရန် ခက်ခဲလျက် ရှိနေသည်။

တချို့သော အမှုများတွင် ပုန်းလျိုးကွယ်လျိုးဖြင့် ငါးဖမ်းသမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နေလျက် ရှိကြသည်။ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများကို အဓိက မှီခိုကာ ရေထွက်ကုန် ထုတ်လုပ် နေကြသော်လည်း ထိုင်းငါးဖမ်း လုပ်ငန်း၏ ရည်မှန်းချက်အတိုင်း ပြည့်မီစွာ ထုတ်လုပ်နိုင်ခြင်း မရှိခဲ့။ ၂၀၀၈ ခုနှစ် ထိုင်းရေလုပ်ငန်း အဖွဲ့၏ ခန့်မှန်းချက်အရ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတို့တွင် ရေလုပ်သား တစ်သောင်းကျော် ပြတ်လပ်မှုနှင့် ကြုံကြရသည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံ ငါးဖမ်းအဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ ထိုရေလုပ်ငန်း နယ်ပယ်တွင် အလုပ်သမား ပြတ်လပ်မှုသည် ငါးဖမ်းသမား ငါးသောင်းခန့် ဖြည့်ဆည်း အလုပ်ခန့်ထားရန် လိုသည်ဟု ခန့်မှန်းထားသည်။ လွန်ခဲ့သော ရာစုနှစ်များက ငါးဖမ်းရရှိမှု လျော့နည်းခြင်းနှင့် လောင်စာဆီဈေး မြင့်တက်မှုတို့ကြောင့် ထိုင်းရေလုပ်ငန်းမှ ကုန်ထုတ်လုပ်မှု လျော့ကျသွားသော်လည်း အလုပ်သမား လိုအပ်ချက်က မြင့်မားလျက် ရှိခဲ့သည်။

ရေလုပ်သားများ ပြတ်လပ်မှုက လှည့်ဖြားမှု၊ အတင်းအကျပ် အလုပ်ခိုင်းစေမှုများဖြင့် အလုပ်လုပ်ရသည့် အလေ့အထ ဖြစ်စေခဲ့သည်။ လူကုန်ကူးခံရမှုနှင့် အဓမ္မ အလုပ်ခိုင်းစေမှုများ ဖြစ်လာရတော့သည်။ အလုပ်သမား စုဆောင်းမှုနှင့် အလုပ်စေခိုင်းမှုတို့တွင် ခေါင်းပုံဖြတ်မှုများ ရှိနေကြသည်ဟု အစီရင်ခံစာများ ထုတ်ပြန်မှုများကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှု ဝေဖန်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ပြည်ပမှ အလုပ်လာလုပ်သော ငါးဖမ်းသမားများသာ ထိုင်းငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခြင်း ခံရသည်မဟုတ်၊ The Mirror Foundation (၂၀၁၁) ၏ သုတေသန စာတမ်းက ထိုင်းလူမျိုးများပါ ငါးဖမ်းလှေများပေါ်တွင် လပေါင်းများစွာ(သို့) နှစ်ပေါင်းများစွာ အတင်းအကျပ် ခိုင်းစေခံရမှုနှင့် လှည့်ဖြားခိုင်းစေခံရမှု အမှုပေါင်း ၈၃ မှု တွေ့ရှိဖော်ထုတ် နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ စီးပွားဖြစ် ရေလုပ်ငန်းတွင် လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အဓိက စိုးရိမ်စရာတစ်ခုအဖြစ် တည်ရှိနေပေသည်။ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာ ရေလုပ်သားများ အတွက် တရားဝင်ဖြစ်ရေးနှင့် အခွင့်အရေး အပြည့်အ၀ ရရှိစေရန် နှစ်နိုင်ငံ တာဝန်ရှိသူများ၏ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော Myanmar-Thai Technical Meeting (12 Oct 2013) တွင် ထိုင်းအာဏာပိုင်များက ပင်လယ်တွင်း အလုပ်ဆင်းနေသော မြန်မာရေလုပ်သားများ အတွက် တစ်နှစ်လျှင်နှစ်ကြိမ် မှတ်ပုံတင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ တစ်ကြိမ်လျှင် ၃ လခန့် မှတ်ပုံတင်ခွင့်ကာလ ပေးထားမည် ဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်းရှိ ပြည်နယ် ၂၂ ခုမှ ငါးဖမ်းလှေ ပိုင်ရှင်များက ၄င်းတို့၏ ရေလုပ်သားများကို မှတ်ပုံတင်ရန် ခေါ်ဆောင်လာရမည် ဖြစ်ကြောင်း၊ ပထမအကြိမ် ကာလအဖြစ် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၂၃ ရက်နေ့ထိ လည်းကောင်း၊ ဒုတိယအကြိမ် ကာလအဖြစ် ၂၀၁၄ ခုနှစ် မတ် ၁ ရက်မှ မေ ၃၁ ရက်ထိ အသီးသီး သတ်မှတ်ထားကြောင်း၊ ၄င်းတို့အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် အတွက်မူ မြန်မာရေလုပ်သားများ၏ အရေအတွက် အနည်းအများပေါ် မူတည်ကာ တစ်နေရာတည်းတွင် အပြီးထုတ်ပေး နိုင်သည့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများဖွင့်ကာ နှစ်နိုင်ငံ တာဝန်ရှိသူများ တိုင်ပင်ဆုံးဖြတ်ကြရန် သဘောတူထားကြောင်း သိရသည်။ ထိုအစည်းအဝေးတွင် အလုပ်သမား ဦးစီးဌာနမှ ၁.၆ သန်းခန့် ယာယီနိုင်ငံကူး လက်မှတ်များကို ထိုင်းနိုင်ငံ အတွင်းတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများသို့ နှစ်နိုင်ငံ တာဝန်ရှိသူများ အောင်မြင်စွာ ကြိုးပမ်းမှုကြောင့် ထုတ်ပေးထားပြီး ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရနှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ မူရင်းနိုင်ငံ အစိုးရများသည် လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေးနှင့် တရားဝင်ရွှေ့ပြောင်း သွားလာမှု လမ်းကြောင်း အလွယ်တကူ အသုံးပြုနိုင်ရေးတို့ကို ပိုမိုပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားရန်၊ ထိုင်းငါးဖမ်းလှေများ သွားရောက် ငါးဖမ်းလေ့ရှိသော အာဆီယံ ဒေသတွင်းနှင့် အာဆီယံဒေသ ပြင်ပရှိ ပင်လယ်ပြင် ပိုင်ဆိုင်သည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပမာအားဖြင့် ထိုင်းငါးဖမ်း လှေများ၏ မှတ်ပုံတင်မှုများ၊ ငါးဖမ်းသမားများ၏ အမည်စာရင်း မှတ်ပုံတင်မှုများ၊ ဆိပ်ကမ်းအာဏာပိုင်များ၏ ငါးဖမ်းလှေများကို စစ်ဆေးမှု၊ လမ်းညွန်ချက်များအား မျှဝေမှု၊ သောင်တင်နေသူများ၊ လူကုန်ကူးခံနေရသူများ၊ ပြန်လာသူများ စသည့် ငါးဖမ်းသမားအား ကယ်ဆယ်ရန် လုပ်ထုံးလုပ်နည်းများကို မျှဝေမှုများ ပူးပေါင်းလုပ်ဆောင် သင့်သည်ဟု ကျွမ်းကျင်သူများက အကြံပြုထားကြသည်။

(ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းခွင်တွင် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်)

Eleven Media Group

No comments:

Post a Comment