address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 25, 2013

ပြည်လုံးကျွတ် အပစ်ရပ်ရေး၊ ကာချုပ်လက်မှတ်ထိုးရန် UNFC လိုလားနေ


25.11.2013 

ပြည်လုံးကျွတ် အပစ်ရပ် စိတ်ချစေရန် သမ္မတ၊ ဒု-သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တရားသူကြီး ချုပ်တို့ လက်မှတ်ရေးထိုးမှသာ စိတ်ချရသည့် အပစ်ရပ်ရေးဖြစ်မည်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက ရန်ကုန်မြို့သို့ရောက်ရှိနေစဉ် မီဒီယာများသို့ နိုဝင်ဘာ ၂၄ ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။


“ကာကွယ်ရေးဦးစီးချုပ်လည်း ကိုယ်တိုင် လက်မှတ်ထိုးဖို့လိုတယ်။ သမ္မတရော၊ ဒု-သမ္မတ နှစ်ယောက် ရော၊ လွှတ်တော်ဥက္ကဋ္ဌတွေရော၊ တရားသူကြီးချုပ်တွေရော စသဖြင့်ပေါ့လေ။ ဒါတွေပါမှ ပိုပြီးတော့ စိတ်ချရမယ်”ဟု UNFC ၏ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်း၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့သို့ နိုဝင်ဘာ၂၃ ရက် ညတွင် ရောက်ရှိခဲ့ပြီး UNFC မှဒုတိယ ဥက္ကဋ္ဌ (၁) ခွန်အေဘယ်တွိဒ်၊ ဒုတိယဥက္ကဋ္ဌ (၂) ဖဒိုဒေးဗစ်သာကပေါနှင့် အတွင်းရေးမှူး နိုင်ဟံသာတို့ ခေါင်းဆောင်သုံးဦးက နိုဝင်ဘာ၂၄ရက်က အင်းယားလိတ်ဟိုတယ်၌ မီဒီယာများနှင့်တွေ့ဆုံစဉ် အတွင်းရေးမှူး နိုင်ဟံသာက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြည်လုံးကျွတ်အပစ်ရပ်ရေး စိတ်ချရစေရန် အစိုးရတပ်စွဲထားသည့် တိုင်းရင်းသားနယ်မြေများမှ ခွာရန်၊ နှစ်ဖက် တပ်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ ချထားရန်၊ နှစ်ဖက်တပ်များကို စောင့်ကြည့်အဖွဲ့များဖွဲ့စည်း ရန် စသည့် အခြေအနေမျိုးမရောက်ရှိလျှင် လက်မှတ်ရေးထိုးသော်လည်း စိတ်ချရသည့် အပစ်ရပ်ရေး ဖြစ်မည်မဟုတ်ဟုလည်း နိုင်ဟံသာက ထောက်ပြ ပြောကြားသွားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ ခေါင်းဆောင်သုံးဦးသည် နိုဝင်ဘာ၂၃ ရက် နေ့မှ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။

လိုင်ဇာ ထိပ်သီးညီလာခံမှ ဘုံသဘောတူညီချက် ၁၁ ချက်နှင့် အစိုးရ၏ နိုင်ငံရေးဆွေးနွေးရေး မူကြမ်း ၁၅ ချက်တို့အကြား မြစ်ကြီးနားမြို့၌ အစိုးရနှင့် လက်နက်ကိုင်ခေါင်းဆောင်များ နှစ်ရက်ကြာ ဆွေးနွေးပွဲ၌လည်း၊ ညှိနှိုင်းမှု မပြေလည်သည့်အတွက် ဒီဇင်ဘာတွင် ဘားအံမြို့၌ ထပ်မံဆွေးနွေးရန် စီစဉ်ခဲ့သည်။

အဆိုပါ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၏ ဘုံသဘောတူညီချက် ၁၁ ချက်တွင်လည်း ပြည်လုံးကျွတ် အပစ် အခတ်ရပ်စဲရေးအတွက် သမ္မတ၊ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်တရားသူကြီးချုပ်တို့ လက် မှတ်ရေးထိုးမှသာ လက်နက်ကိုင်များဘက်မှ လက်ခံနိုင်မည့် အပစ်ရပ်ရေးဖြစ်မည်ဟု ပါရှိကြောင်း နိုင်ဟံ သာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးသို့ အစိုးရက ပေးပို့ထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်(မူကြမ်း)ကိုလည်း UNFC က အပြည့်အ၀ သဘောတူလက်ခံခြင်းမရှိဘဲ ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့် ဖက်ဒရယ်တပ်မတော်အရေးကို အဓိက ထား ဆွေးနွေးမှုများကို နိုဝင်ဘာ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးစဉ် အဓိကထား ဆွေးနွေးသွားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင်လည်း အစိုးရတပ်မတော်နှင့် ပတ်သက်၍ နိုင်ဟံသာက “ဒီ ဖက်ဒရယ် ပြည် ထောင်စုတပ်မတော် ဖွဲ့စည်းရေးကို သူတို့ လက်မခံချင်ဘူး။ သူတို့တပ်ကို အပြင်မခံချင်ဘူး။ သူတို့တပ် ရဲ့ လက်ရှိ ရှိနေတဲ့ အခွင့်အာဏာတွေကိုတော့ လုံးဝအထိမခံချင်ဘူး”ဟု ဝေဖန် ပြောကြားခဲ့သည်။

အစိုးရသစ်တက်လာသည့် သုံးနှစ်တာကာလအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ယုံကြည်မှုရရှိရန် အစိုးရဘက်မှ ကြိုးစားနေပြီး ဖြစ်နိုင်သည့် အနေအထားများတွင်လည်း အခွင့်အလမ်းများပေး ကာ ဆောင်ရွက်နေသည်ဟု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ နည်းပညာအ ထောက်အကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက ဆိုသည်။

အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်(မူကြမ်းတွင်) အခန်းပေါင်း ၁၃ ခန်းပါဝင်ပြီး တိုင်းရင်းသား လက်နက်ကိုင်များအတွက် တပ်စခန်းသစ်များ ဆောက်လုပ်ခြင်း၊ တပ်သားသစ်များ စုဆောင်း ခြင်းများ မပြုလုပ်ရန် ပါဝင်သည်။

လိုင်ဇာ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားများ ညှိနှိုင်းရေး ဆွဲခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်မူ ကြမ်းတွင် အခြေခံမူများ၊ အချက်ငါးချက် ပါဝင်သော ရည်ရွယ်ချက်များ၊ အချက်ခြောက်ချက်ပါသည့် နှစ် ဖက်လက်ခံနိုင်သော နိုင်ငံရေးလမ်းပြ မြေပုံများ ချမှတ်ခြင်း၊ အချက် ခြောက်ချက် ပါဝင်သည့် တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေးတွင် အဓိကပါဝင်ရမည့် အချက်များ၊ အချက်ရှစ်ချက် ပါဝင်သည့် အကောင်အ ထည်ဖော်ခြင်း၊ အချက် နှစ်ချက် ပါဝင်သည့် ယုံကြည်မှုတည်ဆောက်ရေးနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရ မည့်အချက်များ၊ မတရားအသင်းများမှ ပယ်ဖျက်ပေးရေးနှင့် ဆက်စပ် အကြောင်းအရာများ၊ အချက် ကိုး ချက်ပါသည့် ဆွေးနွေးရေးအစီအစဉ်များ၊ လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုခြင်း၊ အထွေထွေအချက်များ စသည့် ခေါင်းစဉ်အချက် ၁၁ ချက် ပါဝင်သည်။

Mizzima 

No comments:

Post a Comment