address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, November 26, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ရန် UNFC ဆို




26.11.2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာက တိုက်တွန်း ပြောကြားသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဦးနိုင်ဟံသာ အပါအဝင် UNFC ခေါင်းဆောင် သုံးဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် UNFC နှင့် NLD တို့အကြား သဘောထား တစ်ထပ်တည်း ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
“ဒီကိစ္စ (ဖွဲ့စည်းပုံ ပြင်ဆင်ရေး) အပေါ်မှာ အခြေခံပြီးတော့ စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD အပါအဝင် တိုင်းရင်းသား အဖွဲ့အားလုံး၏ လိုလားချက်မှာ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ဖြစ်ပြီး ယင်းပြည်ထောင်စု ပေါ်ပေါက်ရန် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လုံးဝမရနိုင်သည့် အပေါ် အားလုံးက သဘောတူကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်း ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် လမ်းကြောင်းအတိုင်း ဆောင်ရွက်နေသော်လည်း ပြင်ပ အင်အားစုများမှာ လွှတ်တော်အတွင်း ဝင်မတိုးနိုင်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အနေအထားအရလည်း လွှတ်တော်တွင်းမှ တစ်ဆင့် ပြင်ဆင်ရန် မလွယ်ကူကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ NLD ပါတီက ဦးဆောင်ပြီး လူထုသဘောထား ကောက်ခံခြင်းကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် ပြုလုပ်ရာ သဘောဆန္ဒပေးသူ ၉၀ ရာခိုင်နှုန်းကျော်က လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်သည့် နည်းလမ်းကိုသာ ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆင်ပြေ ချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ဆွေးနွေးရန် မေတ္တာ ရပ်ခံစာ ပို့မည်ဟု နိုဝင်ဘာလ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment