address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, November 30, 2013

လဲနေသူ ထူ၊ အားနည်းသူ ကယ်၊ မယ်တော်ရဲ့မယ်မယ်



30.11.2013

နေထွက်သည်နှင့် သူတို့ ရောက်လာတတ်သည်။ ငယ်ရွယ်သည့် မိခင်များ၊ ဖခင်များက စိုးရိမ် သောကအပြည့် မျက်နှာများနှင့် သူတို့၏ သားသမီးများကို ပွေ့ပိုက်ပြီး အရိပ်ထဲတွင် ထိုင်ကာ ဆေးခန်း ဝန်ထမ်းများကို စောင့်နေတတ်သည်။


အသက် ၂၉ နှစ်သာ ရှိသေးသော မသေးသည် ၁၈ လ သမီးလေး ဆောင်းသီဝေနှင့် အတူထိုင်နေသည်။ သူတို့ ဤဆေးခန်းသို့ အရောက်လာရသည့် ခရီးမှာ ၂၄ နာရီ ကြာသည်။ သူတို့ နေထိုင်ရာ မြန်မာပြည်မှသည် ထိုင်းနယ်စပ်ကို ဖြတ်ပြီး ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ ရာသီဥတု သာယာနေသော်လည်း သူတို့က ခေါင်းစွပ်ပါသည့် အနွေးထည် ခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသည်။ မသေး၏ သမီးလေး ဖျားနေသည်မှာ ရက်အတော် ကြာသွားပြီ ဖြစ်သည်။ သမီးလေးက သူမ ပေါင်ပေါ်တွင် နုံးခွေပြီး လဲလျောင်းနေသည်။

မသေးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ အသက် ၃၅ နှစ်အရွယ် အေးအေးမာ ဖြစ်သည်။ သူမ၏ သမီးလေး သင်းသရဖီထွေး ကတော့ အသက် ၁၁ လသာ ရှိသေးသည်။ သူမ လက်မောင်းကြားတွင် ပွေ့ဖက်ထားပြီး ကလေးက အိပ်ပျော်နေသည်။ ကိုယ်ပူပြီး ဖျားနေသောကြောင့် အစာလည်းမစား၊ ရေလည်း မသောက်နိုင်ဟု ဆိုသည်။ သူတို့အနီးတွင် အသက်လေးနှစ်အရွယ် ယောက်ျားလေး တစ်ယောက်ကတော့ မရပ်မနား အော့အန်နေသည်။ သူ့ကို အမေဖြစ်သူနှင့် အဘွားတို့က ပြုစုပေး နေကြသည်။

ထိုမိသားစုများသည် တောတွေ၊ တောင်တွေကို ဖြတ်ပြီး ထိုင်းနိုင်ငံ အနောက်မြောက်ဘက် နယ်စပ်ရှိ မယ်တော် ဆေးခန်းသို့ ရောက်လာကြခြင်း ဖြစ်သည်။ သူတို့ အများစုမှာ ကရင်လူမျိုးတွေ ဖြစ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ခန့်ထဲမှ ၆ ရာခိုင်နှုန်း လူဦးရေပမာဏ ရှိသည့် လူမျိုးစုများ ဖြစ်ကြသည်။ ထိုလူမျိုးများ နေထိုင်သော ကရင်ပြည်နယ်သည် ထိုင်းနိုင်ငံ နယ်စပ်မှ ကီလိုမီတာ ၂၀၀၀ ခန့် ဝေးသည့် နေရာတွင် ရှိသည်။

၁၉၇၀ ပြည့်နှစ်လောက် ကတည်းက ကရင်လူမျိုးတို့သည် ထိုင်းနိုင်ငံ နယ်စပ်အနီးသို့ ရောက်လာကြပြီး ဒုက္ခသည် စခန်းများကို ဖန်တီးကာ တဲလေးတွေ ထိုးပြီး ဖြစ်သလို နေထိုင်ခဲ့ကြရသည်။ ပြည်တွင်းစစ်မီးဒဏ်ကို ရှောင်ရင်း တိမ်းရင်း ရောက်လာကြခြင်း ဖြစ်သည်။ ဒုက္ခသည် စခန်းမှာပင် ကရင်လူမျိုး ၁၄၆,၀၀၀ ခန့် ရှိနေသည်။ ထို့ပြင် ထိုင်းနယ်စပ် ဝန်းကျင်၌ တရားမဝင် လာရောက် အလုပ်လုပ်နေကြသည့် အလုပ်သမားပေါင်း ၂၅၀,၀၀၀ ခန့်ကလည်း ရှိနေသည်။ ထိုသူများ၏ ကျန်းမာရေးကို မည်သူက ကူညီပြီး မည်သူတွေ စောင့်ရှောက် ပေးကြမည်နည်း ဆိုသည်မှာ ခေါင်းခဲစရာ ဖြစ်သည်။

၁၉၈၉ ခုနှစ်ခန့်တွင် မယ်တော်ဆေးခန်း ဆိုပြီး ပေါ်လာသည်။ ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် ထိုဆေးကုသခန်းကို အခြေစိုက်ထားပြီး မယ်တော်ဆေးခန်း၏ အားထားစရာ ပုဂ္ဂိုလ်မှာ ဒေါက်တာစင်သီယာမောင် ဖြစ်လာသည်။

ယောက်ျားဝတ် ရှပ်အင်္ကျီ လက်တို၊ ကရင်ထဘီ တို့ကို ဝတ်ဆင်ထားသည့် ဒေါက်တာမောင်၏ အသွင်က ပကတိ ရိုးသားဖြူစင်ပြီး ကြည်ညို လေးစားဖွယ်ရာ ဖြစ်သည်။ သူမ ရပ်နေသည့် နောက်တွင်ရှိသော သားဖွားဆောင်လေးသည် ယမန်နှစ် တစ်နှစ်တည်းတွင် ကလေးပေါင်း ၃၀၀၀ ကျော်ကို မွေးဖွားပေးခဲ့သည့် နေရာ ဖြစ်သည်။

စင်သီယာမောင်ကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မွေးဖွားသည်။ မော်လမြိုင်မြို့စွန်ရှိ ဝါးတဲလေး တစ်ခုအတွင်း မွေးဖွား ကြီးပြင်းလာရပြီး မောင်နှစ်မ သားချင်း ရှစ်ယောက်အနက် စတုတ္ထမြောက် သမီး ဖြစ်သည်။ သူတို့သည် ကရင်မျိုးနွယ် မိသားစုလည်း ဖြစ်ကြသည်။

သူတို့ မောင်နှစ်မသားချင်း များထဲမှ အစ်ကို အကြီးဆုံး ဖြစ်သူသည် မွေးဖွားစဉ်က ချက်ကြိုးကို အရပ်လက်သည်က နှီးကြောနှင့် ဖြတ်ပြီး မွေးခဲ့ရသဖြင့် ရောဂါပိုးဝင်ပြီး စောစီးစွာ ကွယ်လွန်သွားခဲ့ရသည်။ နောက်ပိုင်းတွင် သမီးလေးယောက်နှင့် သားသုံးယောက် တို့ကို သူမ၏ မိခင်သည် အရပ်လက်သည်များနှင့် မမွေးဖွားတော့ဘဲ ဆေးရုံ၌သာ သွားရောက် မွေးဖွားခဲ့သည်။ သူတို့၏ ဖခင်မှာ လက်ထောက် ကျန်းမာရေးဝန်ထမ်း တစ်ဦး ဖြစ်ပြီး ကျေးရွာများကို လှည့်လည်ကာ ဆေးပေးဝေရသည့် အလုပ်ကို လုပ်ကိုင်ရသည်။ သူမ၏ မိခင်သည် ကလေးများကို ပြုစု ထိန်းသိမ်း စောင့်ရှောက်ပြီး အလုပ်များနေရသူ ဖြစ်သည်။

ကျေးလက်၏ အငွေ့အသက်များ၊ ဖခင်ဖြစ်သူ၏ ကျန်းမာရေး လုပ်ငန်းနှင့် မိခင်ဖြစ်သူ၏ မိသားစုအပေါ် ပြုစု စောင့်ရှောက်ရမှု များသည် စင်သီယာအတွက် ငယ်စဉ်ကတည်းက လူသားအချင်းချင်း စာနာထောက်ထား မေတ္တာပွားရမည် ဆိုသည့် အတွေးအမြင်များကို ကိန်းဝပ် ပွားများစေခဲ့သည်။ ဒေါက်တာမောင်ကို ငယ်စဉ်ဘဝအကြောင်း မေးလိုက်တိုင်း ရှက်ကိုးရှက်ကန်းနှင့် ရယ်မောပြီး စကားတွေ လမ်းကြောင်း လွှဲသွားတတ်သည်။ မောင်နှမများနှင့် ရုပ်ရှင်အတူ ကြည့်ခဲ့သည့် အကြောင်း၊ ကျောင်းဆင်းပြီး အိမ်ပြန်ရောက်လျှင် သူမနှင့် အစ်မများ ရေခပ်ကြသည့် အကြောင်း၊ မဂ္ဂဇင်းဟောင်းများကို ရေနံဆီ မီးငြိမ်းသည့် တိုင်အောင် ဖတ်ကြသည့် အကြောင်း၊ ကျောင်းစာတွေကို ဖတ်လျှင် အိပ်ငိုက်သည့် အကြောင်းများကို ပြန်ပြောင်း ပြောပြပြီး ငယ်စဉ်ဘဝနှင့် မြန်မာပြည် မော်လမြိုင်မြို့စွန်က အငွေ့အသက်များကို လွမ်းဆွတ် နေတတ်သည်။

စင်သီယာသည် အထက်တန်း အဆင့်ကို အခြားကျောင်းသား ထောင်ပေါင်း များစွာနှင့်အတူ ဝင်ရောက် ဖြေဆိုခဲ့သည်။ အောင်ချက် ၂၀ ရာခိုင်နှုန်းလောက်သာ အောင်မြင်သည့် အထဲတွင် စင်သီယာ ပါသည့်အပြင် ဆေးကျောင်းသို့ ထိပ်တန်း အမှတ်ကောင်းသည့် ကျောင်းသား ၅၀၀ ရွေးချယ်သည့် စာရင်းတွင်လည်း စင်သီယာ့အမည် ပါလာခဲ့သည်။
“အမှတ်တွေသာ ကောင်းတယ်၊ ကျွန်မ သိပ်ပြီးတော့ စာကြိုးစားခဲ့တာ မဟုတ်ဘူး” ဟု ရှက်ကိုးရှက်ကန်းနှင့် ပြန်ပြောပြသည်။

[Photo: facebook.com/MaeTaoClinic.Thai] မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တည်ငြိမ်မှု သိပ်မရှိချိန်တွင် စင်သီယာသည် ဆေးကျောင်းကို တက်ခဲ့ရသည်။ အစိုးရက ကျောင်းတွေကို ရန်ကုန်တက္ကသိုလ်နှင့် အဝေးဆုံး နေရာများ ရောက်အောင် ပို့နေချိန်လည်း ဖြစ်သည်။ ကျောင်းသင်ခန်းစာ တွေကိုလည်း သူတို့ စိတ်မပါ။ မကြာမကြာ ရုပ်ရှင် သွားခိုးကြည့်ကြပြီး၊ သစ်ပင် အရိပ်အောက်တွင် မိန်းကလေး အချင်းချင်း စကားတွေ ဝိုင်းဖွဲ့ ပြောခြင်းဖြင့်သာ သူတို့ အချိန်ကုန်လေ့ ရှိကြသည်။
“အတန်း တက်တော့လည်း သူတို့ သင်တာတွေ နားထောင်တာ မဟုတ်ဘူး။ ဆရာတွေက ဘောပေါ်မှာ ရေးပေးတာတွေ လိုက်ကူးတာပဲ ရှိတာ။ တစ်ခါတလေ အိပ်တောင်ငိုက် နေတတ်သေးတယ်” ဟု သူမက ရယ်မောရင်း ပြောပြနေသည်။

ဆေးကျောင်းက ပြီးသည့်နောက် စင်သီယာသည် ရန်ကုန်မြို့ ဝန်းကျင်ရှိ ဆေးရုံပေါင်း များစွာသို့ သင်တန်း ဆင်းသည့် အနေနှင့် လက်တွေ့ ကုသမှုများ ပြုရန် သွားရောက် တာဝန် ထမ်းဆောင်ခဲ့ရသည်။ ယင်းတို့အထဲတွင် မြောက်ဥက္ကလာ အထွေထွေကု ဆေးရုံကြီးလည်း ပါသည်။
သူမ မြောက်ဥက္ကလာ ဆေးရုံကြီး၌ တာဝန် ထမ်းဆောင်နေချိန်တွင် ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပွားခဲ့သည်။ တစ်နိုင်ငံလုံး ဖရိုဖရဲနှင့် ထိန်းမနိုင် သိမ်းမရသည့် အခြေအနေသို့ ရောက်ခဲ့သည်။ ထိုအချိန်တွင် ဒေါက်တာ စင်သီယာမောင်သည် ကရင်ကျေးရွာလေး တစ်ရွာသို့ သွားပြီး ဆေးခန်းလေး တစ်ခန်း ဖွင့်လှစ်ခဲ့သေးသည်။

နောက်ပိုင်း ဒေါက်တာစင်သီယာသည် ထိုင်းနိုင်ငံ ဘက်သို့ ထွက်လာခဲ့သည်။ ညအချိန်တွင် တောထဲ၌ ဖြတ်သန်းပြီး နေ့ခင်းအချိန် ရောက်လျှင် ကွင်းပြင်ထဲတွင် အိပ်ကာ မြန်မာပြည်မှ ဖြတ်သန်းလာခဲ့ရခြင်း ဖြစ်သည်။ မဲဆောက်သို့ ရောက်သည့်အခါတွင် ဟွေးကလုတ် ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရသည်။ ထိုစခန်းတွင် နေထိုင်စဉ် နိုင်ငံခြားသား ကျန်းမာရေး လုပ်သားများနှင့် ကရင် ခေါင်းဆောင်များကို အကူအညီ ပေးခဲ့သည်။ ထို့နောက် ဒုက္ခသည် စခန်းအတွင်း စစ်ပွဲကြောင့် ဒဏ်ရာရလာသူ များနှင့် ငှက်ဖျားဝေဒနာ ခံစားနေရသူ များကို သူမကိုယ်တိုင် ကြီးမှူးပြီး ပြုစု စောင့်ရှောက် ပေးခဲ့သည်။

စင်သီယာသည် ဒုက္ခသည် စခန်းသို့ ရောက်ပြီး သုံးလခန့်တွင် မြန်မာပြည်သို့ ပြန်ရန် စိတ်ကူးခဲ့သေးသည်။ သို့သော် ကိုးနှစ်သာ ကြာသွားသည် သူမသည် ထိုင်းမြန်မာ နယ်စပ်တွင် ရှိနေဆဲ ဖြစ်သည်။ ထိုအချိန်တွင် သူမ ဖွင့်ထားသည့် ဆေးခန်းသည် ရောဂါ ပိုးသတ်သည့် အလူမီနီယံ ပေါင်းအိုးလေး တစ်လုံးလောက်သာ ပစ္စည်းကောင်းကောင်း ရှိပြီး နေ့စဉ် လူနာ ၁၅၀ လောက်ကို ကုသ ပေးနေရသည်။ တစ်လလျှင် ကလေး ၁၀ ယောက်မှ အယောက် ၂၀ ခန့် အထိ မွေးပေးနေရသည်။ တစ်နှစ်လျှင် ဆေးကုသရေး ဝန်ထမ်း ၃၀ ခန့်ကို မွေးထုတ်ပေးပြီး ကိုယ်ဝန်ဆောင်များကို လိုက်လံ စစ်ဆေးပေးရခြင်း၊ ကလေးသူငယ်များကို ကိုယ်ခံအား ကောင်းစေရန် ဆေးများ လိုက်လံ ထိုးပေးရခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး အတွက် ပညာပေး ဟောပြောရခြင်း၊ အိမ်သာများ စနစ်ကျစွာ သုံးစွဲရေးနှင့် မိသားစု စီမံချက်များက အစ လိုက်လံ ပညာပေးနေရသည်။

ဒေါက်တာစင်သီယာနှင့် သူမ၏ ဆေးတပ်ဖွဲ့တို့သည် ဆေးခန်းသို့ နိုင်ငံခြားသားများ လာရောက် ဆေးကုသပေးခြင်းကို ခွင့်ပြုထားခြင်း မရှိပေ။ မြန်မာနိုင်ငံ နယ်စပ်ရှိ တောများ ပြုန်းကုန်ပြီး တောင်ကုန်းတွေလည်း ကတုံး ဖြစ်ကုန်သည်။ မိုးရာသီတွင် ရွှံ့များ ထူပြီး မြစ်ရေ လျှံသောကြောင့် အဆက်အသွယ် ပြတ်တောက်သည့် နေရာများသို့ ဒေါက်တာ စင်သီယာမောင်က သူ့ကျန်းမာရေး ဝန်ထမ်းများကို ခြေကျင် စေလွှတ်လေ့ ရှိသည်။ သူတို့နှင့်အတူ ဆေးဝါးများကို ခြင်းတောင်းများနှင့် သယ်ဆောင်သွားစေသည်။ သူမကိုယ်တိုင် လေ့ကျင့် ပျိုးထောင်ပေးထားသည့် အရပ်လက်သည် များသည် ပိုးမွှား သတ်ထားသည့် ရောဂါကင်းစေသော ပစ္စည်းများနှင့် နည်းစနစ်များကို ကောင်းစွာ အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် ကလေးမွေးပြီး ချက်ကြိုးကို နှီးကြောနှင့် ဖြတ်စရာလည်း မလိုတော့ပေ။ သူ့ဆေးတပ်ဖွဲ့သည် ကျေးရွာအရောက် ခရီးပေါက်အောင် သွားပြီး ကုသပေးနေသည့် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

[Photo: sydneypeacefoundation.org.au] ထိုင်းနိုင်ငံတွင်း လှုပ်ရှားနေကြသော နိုင်ငံခြားသား ဆရာဝန်များ၊ ကယ်ဆယ်ရေး ဝန်ထမ်းပေါင်း များစွာ ရှိသည့်အနက် ဒေါက်တာ စင်သီယာသည် ပိုပြီး ကြီးမြတ်သည့် ဆရာဝန် တစ်ယောက်၊ သံတမန် တစ်ယောက်၊ စီမံ ခန့်ခွဲအုပ်ချုပ်သူ တစ်ယောက်၊ သူတော်စင် တစ်ယောက် ပမာ အများက သတ်မှတ် လက်ခံလာကြခြင်းသည် အပြောနှင့်မဟုတ် အလုပ်နှင့် လက်တွေ့ ပြသနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

“သူမဟာ အပြောကြောင့် ထင်ရှားလာတာ မဟုတ်ဘူး။ အလုပ်နဲ့ သက်သေပြပြီး ထင်ရှားလာတာ” ဟု ဒေါက်တာ ဂျွန်မက်အာသာက ပြောသည်။ မက်အာသာ သည် ၁၉၉၁ ခုနှစ် ကတည်းက နယ်စပ်ဒေသတွင် အလုပ်လုပ်နေသူ ဖြစ်ပြီး နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီတွင် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အကြံပေး အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

“သူမ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး မိုးတစ်လုံး လေတစ်လုံး ပြောနေတာတွေ ကိုလည်း ခင်ဗျားတို့ ကြားရမှာ မဟုတ်ဘူး။ သူက ပြည်သူတွေ အားလုံးအတွက် အလုပ်လုပ်နေတာ။ သူ့အဖွဲ့အစည်း အတွက် သူ လုပ်နေတာ။ လူအများစုက ဒီလို အလုပ်တွေ လုပ်ပြီး နာမည်ကောင်း ယူသွားကြတာ များတယ်။ အချို့လူတွေ ဆိုရင် ဒီလို အလုပ်မျိုးတွေ အကြောင်းပြပြီး ကိုယ်ကျိုး ရှာသွားကြတာလည်း ရှိတယ်။ ကျွန်တော် ရိုးသားစွာ ပြောရရင် ဒေါက်တာစင်သီယာကို ကျွန်တော် ပထမဆုံး တွေ့ရချိန် ကတည်းက သူမအကြောင်း မကောင်းပြောတာ တစ်ခါမှ မကြားခဲ့ရသေးဘူး” ဟု မက်အာသာက ဆိုသည်။

ပြဿနာပေါင်း များစွာ၊ အခက်အခဲပေါင်း များစွာ၊ အတိုက်အခိုက်များ၊ အကျင့်ပျက် ခြစားမှုပေါင်း များစွာကို ဒေါက်တာစင်သီယာ ရင်ဆိုင်နေရ သော်လည်း သူမတွင် ရှိသည့် ငွေကလေးနှင့် လူသား ကူညီမှု လုပ်ငန်းများကို စိုက်လိုက်မတ်တတ် လုပ်ဆောင်နေသူလည်း ဖြစ်သည်။ သူမ ယခုလို လုပ်ဆောင်နိုင်ရန် အတွက် ပုဂ္ဂလိက အလှူရှင်များ၏ အထောက်အပံ့နှင့်သာ ရပ်တည် နေရသည်က များသည်။ အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ၊ ဂျာမနီ၊ အင်္ဂလန်၊ ထိုင်းနှင့် စလိုဗေးနီးယား နိုင်ငံများက အလှူရှင်များသည် သူမကို စာနာထောက်ထားပြီး လာရောက် လှူဒါန်းမှုများ ပြုကြသောကြောင့် မယ်တော်သည် ယနေ့တိုင် အခိုင်အခံ့ ရပ်တည်နိုင်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဘားအံမြို့မှ ကျော်ဟိန်း ဆိုသည့် လူငယ်လေးတစ်ယောက် ဝမ်ခစခန်းသို့ ရောက်လာသည်။ သူမ ပြုလုပ်ပေးမည့် ကျန်းမာရေးဆိုင်ရာ သင်တန်းသို့ ပထမဦးဆုံး လာတက်သည့် လူငယ်လေးများထဲတွင် ကျော်ဟိန်း ပါလာခြင်း ဖြစ်သည်။ သူသည် မော်လမြိုင်တက္ကသိုလ် ကျောင်းဆင်း တစ်ယောက်လည်း ဖြစ်သည်။ ထိုနှစ်ထဲတွင်ပင် ကျော်ဟိန်းနှင့် ဒေါက်တာ စင်သီယာမောင်တို့ လက်ထပ်လိုက်ကြသည်။

ယခုအခါ ဒေါက်တာ စင်သီယာမောင်သည် မယ်တော်ဆေးခန်းရှိ အခန်းကျဉ်းလေးထဲတွင် ခင်ပွန်းဖြစ်သူ ကျော်ဟိန်းနှင့်အတူ ၅ နှစ်အရွယ် သား Peace နှင့် သုံးနှစ်အရွယ် သား Crystal တို့နှင့်အတူ ရိုးသား ရှင်းလင်းစွာ နေထိုင်လျက် ရှိသည်။
ဒေါက်တာ စင်သီယာမောင်သည် ၂၀၁၃ ခုနှစ် အတွက် ပေးအပ်သည့် Sydney Peace Prize ကို ရရှိခဲ့သည်။ ယင်းဆုပေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်၊ မက်လော်ရင်း ခန်းမတွင် ကျင်းပခဲ့သည်။

အယ်ဒီတာတစ်ဦး

No comments:

Post a Comment