address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 21, 2013

ထိုင်းရောက် တရားမ၀င် မြန်မာအလုပ်သမား ရာခိုင်နှုန်း ၇၀ ခန့် မှတ်ပုံတင်မရှိ


21.11.2013

ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ ရာခိုင်နှုန်း ၇၀ ခန့်သည် နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မရှိသူများ ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ သတင်းရရှိသည်။


အဆိုပါ မှတ်ပုံတင်မရှိသည့် အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်စသည့် နယ်စပ်များမှ ပွဲစားများမှတစ်ဆင့် တရားမ၀င် သွားရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

"အခု ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ တရားမ၀င် အလုပ်သမား ရာခိုင်နှုန်း ၈၀ က ရှမ်း၊ ရခိုင်၊ မွန်စတဲ့ တိုင်းရင်းသားတွေ ဖြစ်တယ်။ သူတို့ အားလုံးနီးပါး မှတ်ပုံတင် မရှိဘူး၊ အိမ်ထောင်စုစာရင်း မရှိဘူး" ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်၊ အတွင်းရေးမှူး ကိုစိန်ဌေးက ပြောကြားခဲ့ကြောင်း သိရသည်။

"တရားဝင်အလုပ်သမား စေလွတ်မှုစနစ်က မအောင်မြင်ဘူး။ တရားဝင်သွားတာက ဈေးကြီးတယ်၊ သွားရတာခက်တယ်။ ဟိုမှာအလုပ်ရဖို့လည်း မသေချာဘူး။ အဲ့ဒီအတွက် တော်တော်များများက ကိုယ့်အဆက်သွယ်နဲ့ကိုယ် ပွဲစားကို ပိုက်ဆံပေးပြီး တရားမ၀င်သွားကြတာ များတယ်" ဟု ယင်းက ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမား အများစုသည် မဲဆောက်၊ ဘုရားသုံးဆူ၊ ချင်းမိုင်၊ ထိုင်းတောင်ပိုင်း၊ မဟာချိုင်၊ ဘန်ကောက်တို့တွင် အများဆုံး အလုပ်လုပ်ကိုင်ကြကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသိန်းနီးပါးသည် အထောက်အထားမဲ့ အလုပ်သမား ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း သုံးသန်းနီးပါး ရှိကြောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁ ဒသမ ၇ သန်းအား အထောက်အထားများ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် တရားမ၀င် မြန်မာအလုပ်သမား အများအပြားကို အထောက်အထား ထုတ်ပေးရန် ကျန်ရှိနေဆဲ ဖြစ်သည်။

EMG

No comments:

Post a Comment