address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 21, 2013

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလကုန်တွင် ပြုလုပ်မည်


21.11.2013

ရုပ်ရှင် အနုပညာရှင် အတတ်ပညာရှင်များအတွက် နိုင်ငံတော်က ချီးမြှင့်သော အမြင့်ဆုံး ဆုဖြစ်သည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလကုန်တွင် ရန်ကုန်မြို့တော်၌ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက The Voice သို့ ပြောကြားသည်။

“အကယ်ဒမီပေးပွဲက ဒီဇင်ဘာ လကုန်ပိုင်းလောက် လုပ်ပါမယ်။ နေရာကတော့ လောလောဆယ် သုဝဏ္ဏ အားကစားရုံကို လျာထားတယ်။ အဲဒီမှာအားရင် အဲဒီမှာ လုပ်ဖြစ်မယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် နောက်ဆုံးအဆင့် ဆန်ခါတင် ရုပ်ရှင်ဇာတ်ကား ခုနစ်ကားကို ဒုတိယအဆင့် အကဲဖြတ်မှု ပြီးစီးသွားပြီ ဖြစ်သော်လည်း၊ ချီးမြှင့်မည့် ဆုအရေအတွက်ကိုမူ မပြော နိုင်သေးကြောင်း ဒုတိယအဆင့် စိစစ်အကဲဖြတ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ ချစ်ဦးညိုက ဆိုသည်။

“အကယ်ဒမီကတော့ ပေးတော့လည်း ယူလိုက်တာပေါ့နော်။ အဓိက ကတော့ ကျွန်တော်တို့က ဒီဆုကို တန်ဖိုးရှိစေချင်တယ်။ ကျွန်တော့်ကို ပေးတာ။ မပေးတာက အဓိက မကျပါဘူး။ ဆုတစ်ဆု ဆိုတာက တန်ဖိုးရှိတယ်လေ။ ရတဲ့လူ အတွက်လည်း ဂုဏ်ရှိလေ။ တန်ဖိုးမဲ့လေ၊ ရတဲ့လူ အတွက်လည်း ဂုဏ်မဲ့လေပါပဲ။ ကျွန်တော်တို့က ဒီဆုကို တန်ဖိုးရှိစေချင်တယ်။ မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်” ဟု လက်ပံ ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ရရှိရန် ခန့်မှန်းထား ကြသည့် ဒါရိုက်တာဝိုင်းက ၎င်း၏ ခံစားမှုကို ဖွင့်ဟသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် နောက်ဆုံးအဆင့် ဆန်ခါတင် ဇာတ်ကားများအဖြစ် ကယန်းအလှ၊ လက်ပံ၊ ဥ၊ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ၊ အမွေခံထိုက်သူ ဖြစ်ပါစေ၊ အမုန်းမီးတောက်နှင့် မော်ကင်းဥဒါန်း ဇာတ်ကားတို့ကို ရွေးချယ်ထားသည်။

The Voice Weekly

No comments:

Post a Comment