address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 24, 2013

ထိုင်းနိုင်ငံတွင် ပြုလုပ်ပေးမည့် နိုင်ငံကူးလက်မှတ် စာအုပ် အလုပ်သမားများ ဆန္ဒအတိုင်း ဆောင်ရွက်နိုင်ဟုဆို


24.11.2013

ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများကို ယာယီနိုင်ငံကူး လက်မှတ်အစား မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ်စာအုပ် (အနီရောင်) ပြောင်းလဲ ထုတ်ပေးမည့်အပေါ် အလုပ်သမားများ ဆန္ဒအတိုင်း ဆောင်ရွက်နိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က The Voice သို့ ဖြေကြားသည်။
“ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ သူတွေအနေနဲ့ သက်တမ်း မကုန်သေးလို့ မလုပ်ဘူးဆိုလည်း ရတယ်။ လုပ်မယ်ဆိုလည်း ရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ယာယီ နိုင်ငံကူး လက်မှတ်မှာ နှစ်မျိုးနှစ်စား ရှိပြီး တစ်မျိုးမှာ စာအုပ် အနီရောင်တွင် လက်ရေးဖြင့် ရေးသွင်းထားသော စာအုပ်နှင့် ထပ်မံအသစ် ပြုလုပ်ပေးထားသော မရမ်းစေ့ရောင် စာအုပ်တို့ ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း သွားရောက် လုပ်ကိုင်ကြသည့်သူများကို မြန်မာနိုင်ငံကူး လက်မှတ် (အနီရောင်) ထုတ်ပေးပြီး သွားရောက် လုပ်ကိုင်ခွင့်ပြုကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
“နောက်ဆုံးကတော့ ဒီလမ်းစဉ်ကို ပြောင်းရမှာပဲလေ။ တစ်ခုတော့ သိချင်တယ်။ မှတ်ပုံတင် မရှိတဲ့ သူတွေအတွက် ဘယ်လိုလုပ်ပေးမှာလဲ။ ခြွင်းချက် ပေးမှာလား” ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေး ကွန်ရက် ဒါရိုက်တာ ဦးစိန်ဌေးက ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမားပေါင်း နှစ်သန်းကျော် သုံးသန်းခန့် ရှိပြီး ရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် အလုပ်သမား ဖြစ်စေရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရက ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပြီး နိုင်ငံသား စိစစ်ခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း တို့ကို လုပ်ဆောင်ခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ထိ မြန်မာအလုပ်သမား ၁ ဒသမ ၇ သန်းကျော် တို့ကို ယာယီ နိုင်ငံကူး လက်မှတ်နှင့် ဗီဇာများ ပြုလုပ်ပေးပြီး ဖြစ်ကြောင်းလည်း အဆိုပါ ကွန်ရက်ထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင်ရှိသော ရွှေ့ပြောင်း အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ် စနစ်သစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

တစ်ကမ္ဘာလုံး စာရင်းဇယားအရ ရွှေ့ပြောင်း အလုပ်သမားဦးရေမှာ ယနေ့ထိ သန်း ၂၀၀ ကျော် ရှိပြီး တစ်နေ့ထက်တစ်နေ့ ပိုမို တိုးပွားလာကြောင်း၊ ရွှေ့ပြောင်း လုပ်သားများ၏ သန်းသုံးဆယ်ကျော် (၃၀ ရာခိုင်နှုန်း) မှာ အာရှတိုက်သားများ ဖြစ်ကြောင်း၊ ထိုအထဲတွင်မှ အာဆီယံ ဒေသတွင်း ရွှေ့ပြောင်း လုပ်သားမှာ ငါးသန်းကျော် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ် ညှိုနှိုင်းရေး အရာရှိ Mr. Steve Marshall က နေပြည်တော်တွင် ကျင်းပသော အာဆီယံ ရွှေ့ပြောင်း လုပ်သားများ ညီလာခံ အတွက် နိုင်ငံအဆင့် အကြိုညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

အာဆီယံ နိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားများ ပိုမိုကောင်းမွန် လုံခြုံ စိတ်ချရသော လုပ်ငန်းခွင် ဖြစ်စေရေးနှင့် ခွဲခြားဆက်ဆံခြင်း မရှိစေရေး၊ ခေါင်းပုံဖြတ် ခံရခြင်း မရှိစေရေး တို့ကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ယင်းဆွေးနွေးပွဲတွင် ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ အနက် ရွှေ့ပြောင်း အလုပ်သမား ၂၁၄ သန်း ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် သန်းလေးရာကျော် ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

The Voice Weekly

No comments:

Post a Comment