address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, November 26, 2013

တိုင်းရင်းသားများ လက်နက်စွန့်ရေး စဉ်းစားနိုင်သည့် အခြေအနေမရှိသေးဟု ရန်ကုန်ရောက် UNFC သုံးသပ်


25.11.2013

လက်ရှိ နိုင်ငံရေးအခြေအနေသည် တိုင်းရင်းသားအဖွဲ့များ လက်နက်စွန့်ရေး စဉ်းစားနိုင်သည့် အခြေအ နေတွင် မရှိသေးဟု နိုဝင်ဘာ ၂၅ ရက် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ထိပ်ပိုင်းခေါင်းဆောင်များက သုံးသပ်ခဲ့သည်ဟု ပြည်တွင်းတိုင်းရင်းသား ပါတီ တာဝန်ရှိသူအချို့က မဇ္ဈိမကို ပြောသည်။

“UNFC က အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့ကိုတော့ မျှော်လင့်ထားတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

ပြည်တွင်း တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမှုကို ရန်ကုန်ရှိ ဖက်ဒရယ်ပြည်ထောင်စုပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသည်ဟု UNFC တာဝန်ရှိ သူများက ပြောသည်။

တွေ့ဆုံပွဲသို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် နီပွန်ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

UNFC ၏ ဒုတိယဥက္ကဋ္ဌ နှစ်ဦးနှင့် အတွင်းရေးမှူးတို့သည် အဆိုပါ တစ်နေ့တည်းတွင်ပင် ပြည်တွင်းရှိ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးချုပ်၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် အစိုးရနှင့် အခြေခံအား ဖြင့် ကွဲလွဲနေသည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိစ္စ ဆွေးနွေးခဲ့သည်ဟု UNA အဖွဲ့ဝင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

“ဆွေးနွေးချက်တွေကို တည်ဆဲဥပဒေနှင့်ညီမှ အစိုးရဘက်က လက်ခံမယ်ဆိုတဲ့ ကွဲလွဲချက်တွေ ရှိနေ တာ တွေ့ရတယ်”ဟု ဦးစိုင်းညွန့်လွင်က ရှင်းပြသည်။ UNA နှင့် UNFC သည် အခြေခံဥပဒေ မူကြမ်းတစ်ခုကို လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ပူးပေါင်းရေးဆွဲနေကြသူများ ဖြစ်သည်။ တွေ့ဆုံမှုတွင် UNFC ခေါင်းဆောင်များက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြည်တွင်း၌ ဒုတိယအကြိမ်တွေ့ဆုံမည့် ဘား အံညီလာခံသို့ တက်ရောက်မည်ဟု ပြောဆိုခဲ့ပြီး ဒီဇင်ဘာလအတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေးကိစ္စ အစိုးရနှင့် တွေ့ဆုံမည်ဟု သိခဲ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံမှုသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထား သည့် UNFC နှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် UNA တို့၏ ပထမဆုံးအကြိမ် ပြည်တွင်းတွေ့ဆုံမှုလည်း ဖြစ်သည်။ UNFC ခေါင်းဆောင်များသည် ပြည် တွင်းနိုင်ငံရေးပါတီ ၁၁ ခုနှင့် နိုဝင်ဘာ ၂၂ ရက် ချင်းမိုင်မြို့တွင် တွေ့ဆုံပြီး နောက်တစ်ရက်အကြာ ရန် ကုန်မြို့သို့ လေးရက်တာခရီး ရောက်ရှိနေသည်။

Mizzima

No comments:

Post a Comment