address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 21, 2013

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီအစည်းအဝေး ပထမနေ့တွင် ကေအင်န်ယူမှ ၎င်းတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချပြဆွေးနွေး


21.11.2013

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ အစည်းအဝေး ပထမနေ့ကို နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်ရှိ စိန့်ပီတာနှင့် စိန့်ပေါလ် ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မီဒီယာများ တက်ရောက်ခွင့်မရှိဘဲ တံခါးပိတ် ပြုလုပ်ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)မှ တာဝန်ရှိသူ ဒေါက်တာ မင်းဇော်ဦးက ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးခွန်းမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ကော်မတီအဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက The Daily Eleven သို့ ပြောကြားသည်။

ထို့အပြင် KNU အဖွဲ့မှ ဗိုလ်မှူးကြီး စောတူးတူးလေးက KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ Political Dialogue Time-frame တို့အား ကော်မတီဝင်များ သိရှိနိုင်ရန် ချပြဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"ကရင်ပြည်နယ် အပါအ၀င် ကရင်တိုင်းရင်းသား အများစုရှိတဲ့ တိုင်းဒေသကြီး/ပြည်နယ်များရှိတဲ့ အဖွဲ့အစည်းတွေရဲ့ဆောင်ရွက်ချက်တွေကို တင်ပြ ဆွေးနွေးကြပါတယ်။ အဓိကကတော့ ငြိမ်းချမ်းရေး၊ စည်းလုံးရေး ကိစ္စတွေပါပဲ"ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

သြဂုတ် ၃၁ ရက်က နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် RCSS/SSA၊ KNU တို့တွေ့ဆုံ ဆွေးနွေးပွဲတွင် KNU အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းအား တင်ပြချက်အရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီများနှင့်လွှတ်တော်၏ အခန်းကဏ္ဍရပ်များကို ရှင်းလင်းစွာ သတ်မှတ်ပေးရေး၊ အစိုးရမှ ငြိမ်းချမ်းရေး ဖြစ်စဉ်အား သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်း အဆင့်ဆင့်အတွင်း သိရှိနားလည်ရေးနှင့် ပံ့ပိုးထောက်ပံ့ရေးအတွက် လုပ်ဆောင်ကြရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သဘောတူ စာချုပ်များသာမက နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား လွှတ်တော်မှထပ်ဆင့် အတည်ပြုပေးရေး အချက်များ၊ နိုင်ငံရေး ဆွေးနွေးမှုများ အလျင်အမြန် စတင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများမှ ထွက်ရှိလာသော ရလဒ်များအား လွှတ်တော်မှ ထပ်ဆင့်အတည်ပြုပေးရေး လုပ်ဆောင်ရန်တို့ကိုလည်း တိုက်တွန်းထားချက်များနှင့် ထပ်ဆင့်အတည်ပြု၍ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များကို လွှတ်တော်မှ ဥပဒေကြမ်းထွက်ပေါ်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး အကြံပြုချက်များ ပါဝင်ကြောင်း သိရသည်။

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ၂၀၁၃ ခုနှစ် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်သော ကရင်ရေးရာ အစည်းအဝေးတွင် ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေး ပါတီများမှ ပါတီဝင်များ၊ ကရင် လက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေး ယူထားသည့် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အပါအ၀င် စုစုပေါင်း ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဖွဲ့ဝင် ၅၂ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment