address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, November 23, 2013

ပါတီပေါင်းစုံမှ ကရင်လွှတ်တော် ကိုယ်စားလှယ်များအား ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ တွေ့ဆုံမည်




23.11.2013

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကိစ္စရပ်များ အတွက် ပြည်ထောင်စု လွှတ်တော်၌ရှိသော ပါတီပေါင်းစုံမှ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များအား ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်မှ ၂၁ ရက်ထိ နှစ်ရက်ကြာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်ရှိ စိန့်ပီတာနှင့် စိန့်ပေါလ် ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအချက် အပါအ၀င် အချက်လေးချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဆုံးဖြတ်ချက်များ၌ ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ၏ ဆွေးနွေးဆုံးဖြတ်ချက်များကို အစိုးရနှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊ ကရင်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်း၊ ယခင်ကော်မတီ၏ ဆုံးဖြတ်ချက်များထဲမှ ကော်မတီအနေဖြင့် ကရင်လူထုနှင့် တွေ့ဆုံ၍ လူထုဆန္ဒ တောင်းခံမှုများရယူရန် ကျန်ရှိသည့် ဒေသများတွင် တွေ့ဆုံမှု ဆက်လက် လုပ်ဆောင်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

''တစ်တိုင်းပြည်လုံးမှာရှိတဲ့ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်။ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးရော၊ NLD ကရော အကုန်ပါမယ်။ တွေ့မယ့်ရက်ကတော့ ပြောလို့မရသေးဘူး။ ကရင်ညီလာခံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်ထဲမှာ မပါပါဘူး။ တာစူတဲ့ ရည်ရွယ်တဲ့ အထဲမှာတော့ပါတယ်။ လူထုဆန္ဒတောင်းခံတာက ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးအတွက် လူထုတွေဖြစ်ချင်တာ၊ ပြောချင်တာတွေ၊ အကြံပြုချင်တာတွေကို ကျွန်တော်တို့က အောက်ခြေထိ လိုက်လံတွေ့ဆုံ တောင်းခံတာ ဖြစ်ပါတယ်'' ဟု ဦးမန်းအောင်ပြည်စိုးက ဆိုသည်။ ထိုသို့ အစည်းအဝေး နှစ်ရက်တာ ဆွေးနွေးရာတွင် KNU အဖွဲ့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ Political Dialouge Time-frame တို့အား ကော်မတီဝင်များ သိရှိနိုင်ရန် ချပြဆွေးနွေးခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များရှိ ကရင်အဖွဲ့အစည်း ပါတီများမှ ၎င်းတို့ဆောင်ရွက် လျက်ရှိသော ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကိစ္စရပ်များကို ဆွေးနွေးခြင်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

''ကော်မတီအနေနဲ့ KNU ရဲ့ ငြိမ်းချမ်းဖြစ်စဉ်ကို အကြံပြုတာက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဒီကိစ္စတွေက အရင်ထဲက တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစုတွေက တောင်းဆိုခဲ့တာ ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ချီတက်ရမယ့် ကိစ္စဖြစ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်နိုင်ဖို့နဲ့ နိုင်ငံရေးအရ ဖြစ်လာဖို့ကို ဝေဖန်အကြံပြုချက်တွေ ပေးကြတယ်။ ပေးလာတဲ့ အပေါ်မှာ လိုအပ်တဲ့ အကြံပြုချက်တွေကို စာတမ်းတစ်စောင် ရေးပြီးတော့ ကော်မတီအနေနဲ့ KNU နဲ့ အစိုးရကို ပေးဖို့ရှိတာပေါ့လေ'' ဟု ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီအဖွဲ့ဝင် KNU ဗဟိုကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဖဒိုစောလှထွန်းက ပြောကြားသည်။

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ကရင်လွှတ်တော် ကိုယ်စားလှယ် အချို့အပါအ၀င် ကရင်အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် အဖွဲ့ဝင် ၅၂ ဦးရှိလာခဲ့ရာ ယခုဆွေးနွေးပွဲတွင် အရန်အဖွဲ့ဝင် ၁၀ ဦး ထပ်မံတိုးလာသည်။

Eleven Media Group

No comments:

Post a Comment