address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 24, 2013

အစိုးရနှင့် UNFC ရန်ကုန်တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်


24.11.2013

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်များ နိုဝင်ဘာလ ၂၄ ရက်နေ့၌ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center မှ တွဲဖက် အစီအစဉ် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယင်းသို့ တွေ့ဆုံရန်အတွက် UNFC ဒုတိယဥက္ကဋ္ဌ (၁) ဦးစောဒေးဗစ် သာဂဘော၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးခွန်အေးဘယ်လ်တွိနှင့် အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာတို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း ၎င်းကဆိုသည်။
“ဝန်ကြီးတွေနဲ့ တွေ့မှာကတော့ သေချာတယ်။ အစီအစဉ် အသေးစိတ်ကို တော့မသိပါဘူး” ဟု ၎င်းကဆိုသည်။

အစိုးရသစ် လက်ထက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ၂၀၁၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC အဖွဲ့တို့ တွေ့ဆုံပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယုံကြည်မှု တည်ဆောက်ရေးအတွက် ပြည်တွင်းသို့ လာရောက် လေ့လာရန် အစိုးရက ကမ်းလှမ်းခဲ့ကြောင်း UNFC ထုတ်ပြန်ချက်များအရ သိရသည်။

UNFC သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပြင် သြဂုတ်လမှ စတင်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲလျက် ရှိပြီး ၂၀၁၄ ခုနှစ်အတွင်း အစိုးရက ကျင်းပပေးမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း ကောင်စီ UNFC ကို အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ကျန်ရှိနေသေးသော TNLA နှင့် KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖွဲ့စည်းထားသည်။

The Voice Weekly

No comments:

Post a Comment