address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 22, 2013

ABSDF မြောက်ပိုင်း လူသတ်မှု အထူးစစ်ဆေးရေး အဖွဲ့နှင့် အထူးတရားရုံး ဖွင့်ရန် သမ္မတထံ တောင်းဆိုမည်

22.11.2013

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ပါဂျောင်စခန်းတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကိစ္စ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် အထူးစစ်ဆေးရေး အဖွဲ့နှင့် အထူးတရားရုံး ဖွင့်လှစ်ရန် နိုင်ငံတော်သမ္မတထံ လက်မှတ် စုဆောင်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း) ဗဟို ကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သူ ဦးညီညီကျော်က The Voice သို့ ပြောကြားသည်။

“ခုလက်မှတ်တွေ စတင် စုဆောင်းနေပါပြီ။ ဒီဇင်ဘာလထဲမှာ သမ္မတဆီ ပေးပို့နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆိုသည်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် ကျောင်းသားရဲဘော် ၁၅ ဦး သေဆုံးမှု အပါအဝင် လူအစုလိုက်၊ အပြုံလိုက် ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ဖော်ထုတ်ကာ တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ယခုကဲ့သို့ အထူးစစ်ဆေးရေး အဖွဲ့နှင့် အထူးတရားရုံး ဖွင့်လှစ်ပေးနိုင်ရေး နိုင်ငံတော် သမ္မတထံ လက်မှတ်ထိုး တောင်းဆိုရခြင်း ဖြစ်ကြောင်း ကျောင်းသား ရဲဘော်ဟောင်းများ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ လက်မှတ်များ စုဆောင်းရာတွင် ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သူများလည်း ပါဝင် လက်မှတ်ရေးထိုးကြမည် ဖြစ်သကဲ့သို့ ပြင်ပမှ ပုဂ္ဂိုလ်များလည်း ပါဝင်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဦးညီညီကျော်က ပြောကြားသည်။

ယင်းအပြင် ABSDF မြောက်ပိုင်း ပါဂျောင်စခန်းတွင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသူ ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၏ မိခင်နှင့် သေဆုံးသူ ဦးစိန်၏ သမီးဖြစ်သူ တို့ကလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းများတွင် အမှုဖွင့်ထားကြောင်း ယင်းကျောင်းသား ရဲဘော်ဟောင်းများထံမှ စုံစမ်းသိရှိရသည်။

သက်သေနှင့် သက်သေခံချက် အထောက်အထားများမှာ ကာလ ကြာညောင်းလျှင် သဲလွန်စများ ပြောင်းလဲ ပျက်စီးသွားနိုင်ကြောင်း သေဆုံးသူ ကိုထွန်းအောင်ကျော်၏ မိခင်က ၎င်း၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

၎င်း၏ တိုင်ကြားစာအရ ABSDF မြောက်ပိုင်း သတ်ဖြတ်မှုတွင် တာဝန်ရှိသည့် ဦးနိုင်အောင်၊ ဦးအောင်နိုင်၊ ဦးမျိုးဝင်း (သေဆုံး)၊ သံချောင်း (သာယာဝတီထောင်)၊ ဦးနေဒွန်း (အမေရိက)၊ ဦးအောင်ကြီး (SSA)၊ ဦးလှစိုင်း (NB)၊ ဦးကျော်ကျော် (NB)၊ ဦးစိန်အေး (ဗဟိုကော်မတီ) တို့ကို အရေးယူပေးရန် တိုင်ကြားထားပြီး စီအိုင်ဒီက စုံစမ်းမှုများ ပြုလုပ်နေကြောင်း ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်း ဦးညီညီကျော်က ဆက်လက်ပြောကြားသည်။

မြောက်ပိုင်း သတ်ဖြတ်မှုတွင် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) သတ်ဖြတ်မှု အပါအဝင် ကျောင်းသား ရဲဘော် ၃၅ ဦးခန့် သတ်ဖြတ် ခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment