address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, November 21, 2013

ရန်ကုန်မှ နိုင်ငံရေး ပါတီကိုယ်စားလှယ်များ ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီ

21.11.2013
လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန် ရန်ကုန်မြို့ မြန်မာ့နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ၊ ကျားဖြူပါတီခေါ် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNDP ဦးစိုင်းအိုက်ပေါင်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်သန်းသန်းနုနှင့် အခြား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ ချင်းအမျိုးသားပါတီ CNP၊ ချင်းတိုးတက်ရေးပါတီ CPP၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ကိုယ်စားလှယ်များ အပါအဝင် ၁၁ ဦး တက်ရောက်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံရေး ဆွေးနွေးမှုများတွင် ယုံကြည်မှု ပိုရလာစေရန် နိုင်ငံရေးပါတီများပါ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူ NDF ပါတီမှ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ လာကတည်းကိုက နိုင်ငံရေးဆွေးနွေးမှုတွေကို စဖို့အတွက် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ဝင်လာပြီဆိုတာကို အချက်ပြတဲ့သဘောပါပဲ။ ဆွေးနွေးချင်တာကတော့ နိုင်ငံရေးဆွေးနွေးမှု ယုံကြည်မှု ပိုမို ရသွားအောင် နှစ်ဖက်ကျွန်တော်တို့ စကားစမြည်ပြောရင်းနဲ့ စလာတဲ့အစအနတွေကို တည်ဆောက်ပြီးတော့ ယုံကြည်မှု ပိုရှိသွားအောင် ကျွန်တော်တို့ ပါတီတွေ ကူညီတဲ့သဘောပါဘဲ”ဟု သူက ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်ရန် မြန်မာ့ငြိမ်းချမ်းရေးဂေဟာ MPC မှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ၁၂ ပါတီအား ဖိတ်ကြားထားသော်လည်း USDPက တက်ရောက်လာခြင်း မရှိခဲ့ပေ။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် ရန်ကုန်မြို့တွင် ရောက်ရှိနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်သည်လည်း နိုဝင်ဘာလ ၂၁ရက် ညနေပိုင်းတွင် ချင်းမိုင်မြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။

UNFC အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၇ ဦး တက်ရောက်ဆွေးနွေးမည် ဖြစ်ပြီး ၄င်းတို့၏ မူဘောင်များကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ 

“ကျွန်တော်တို့နဲ့ ၉ နာရီစမယ်။ နေ့တစ်ဝက်ပဲ UNFC နဲ့တွေ့မယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ UNFC ပေါ်လစီတွေပဲ ဆွေးနွေးမယ်။ လိုင်ဇာမှာချတဲ့ မူဘောင်တွေပဲ ဆွေးနွေးမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။ 

နိုဝင်ဘာလ ၂၂ရက်နံနက် ၉ နာရီတွင် ချင်းမိုင်မြို့ရှိ sheik Istana ဟိုတယ်၌ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

No comments:

Post a Comment