address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 1, 2013

UNFC ခေါင်း ဆောင်များ၏ ပြည်တွင်း ခရီးစဉ် ရှင်းလင်းပွဲ KNPP တွင်ကျင်းပ


1.12.2013

ပြည်တွင်း ခရီးစဉ်မှ ပြန်ရောက် လာသော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) ဥက္ကဌ ခူးအေဘယ်လ်ဒွိ သည် ခရီးစဉ် အတွေ့အကြုံများကို ၄င်းတို့၏ ဗဟို ကော်မီတီဝင် များအား ယနေ့ရှင်းလင်း တင်ပြခဲ့သည်ဟု (KNPP) ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။


“ကျနော်တို့ ဥက္ကဌ ကတော့ ၀န်ကြီး ဦးအောင်မင်းနဲ့တွေ့တဲ့ ကိစ္စကိုတော့ ဘာမှမပြောဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်၊ (UNA) နဲ့ (NBF) တို့နဲ့ တွေ့ခဲ့တဲ့ ကိစ္စကိုတော့ ရှင်းလင်း ပြောပြခဲ့တယ်” ဟုဆိုပါသည်။

ယင်းခရီးစဉ် သည် အလွတ် သဘောသာ ဖြစ်ပြီး (UNFC)၏ ဒုတိယ ဥက္ကဌ (၁) ခူးအေဘယ်လ်ဒွိ၊ ဒုတိယ ဥက္ကဋ္ဌ (၂) ပဒို ဒေးဗစ် တာကပေါ နှင့် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာတို့ သွားရောက် ခဲ့ပါသည်။ ၄င်းတို့၏ ခရီးစဉ်တွင် ၀န်ကြီး ဦးအောင်မင်း အပါဝင် ညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ (UNA)နှင့် ညီနောင် တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

ခရီးစဉ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း ၏ ဖိတ်ကြားချက် အရ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC) အဖွဲ့မှ ခေါင်းဆောင် (၃)ဦးတို့သည်  ဂျပန်နိုင်ငံမှ နိပွန် ဖောင်ဒေးရှင်း ဥက္ကဌနှင့် အတူနိုဝင်ဘာ (၂၄) ရက်နေ့တွင် ရန်ကုန် မြို့ သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်ပါသည်။

(UNFC) ၏ ဒုတိယ ဥက္ကဌ (၁) ဖြစ်သူ ခူးအေဘယ်လ်ဒွိ သည်  ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၏ ဥက္ကဌ ဖြစ်သည့် အတွက် ၄င်းတို့၏ ခရီးစဉ် အတွေ့ အကြုံများကို (KNPP) ပါတီ ဗဟိုကော်မီတီ ၀င်များအား ယနေ့ရှင်းလင်း တင်ပြ ခဲ့ခြင်း ဖြစ်ပါ သည်။

ဒေါ်အောင်ဆန်း စုကြည်သည် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ထောက်ခံကြောင်း၊ ၄င်း၏ ယူဆချက်သည် (UNFC)  ယူဆချက်နှင့် ထပ်တူ ဖြစ်ကြောင်း၊ ဖက်ဒရယ် တပ်မတော်ကိစ္စ ကိုလည်း လက်ခံကြောင်း၊၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရမည် ဖြစ်ကြောင်း အပြင် NLD အနေဖြင့် ပြည်တွင်း လှုပ်ရှားမှု များနှင့် လွှတ်တော်သို့ တင်သွင်းသည့် ကိစ္စများ ၌အခက်ခဲ အကျပ်တည်းများစွာ ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည် ဟု ရှင်းပြခဲ့ပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည်  ရှေ့ဆက် အခက်ခဲများ အပေါ် အားလုံး အတူတကွ ၀ိုင်းဝန်း လုပ်ဆောင်ရ မည်ဖြစ်ပြီး ညှိနှိုင်း ဆောင်ရွက်မှု မျိုးဖြင့်သာ ပြသနာများကို ပြေလည် စေလိမ့်မည် ဖြစ်ကြောင်း သဘောထား ခဲ့သည် ဟု (knpp) ဥက္ကဌ အေဘယ်လ်ဒွိက ရှင်းပြခဲ့ကြောင်း ဆိုပါသည်။

အလားတူ (UNFC) ခေါင်းဆောင် (၃)ဦးသည် ရန်ကုန်မြို့  သို့ရောက်ရှိခိုက် (UNA) နှင့် (NBF) အဖွဲ့နှင့်လည်း တွေ့ဆုံဆွေး နွေးခဲ့ပါသည်။ (NBF) တို့နှင့် တွေ့ဆုံရာတွင် ညီနောင် တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်း (NBF) သည် ၄င်းတို့ ရေးဆွဲ ထားသော ဖွဲ့ စည်းပုံ အခြေခံဥပ ဒေမူကြမ်းကို လာမည့် လွှတ်တော် အစည်း အဝေးတွင် ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ တင်ပြ တော့မည် ဖြစ်ကြောင်း ပြောခွင့်ရသူNBF ဒါရိုက်တာ ဒေါ်ချင်းချင်းမှ တင်ပြခဲ့ပါ သည်။

တိုင်းရင်းသား ပါတီများသည် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ အပေါ် နိုင်ငံရေး အာမခံချက် မရှိဘဲနှင့် လက်မှတ် ရေးထိုးမိမှာကို စိုးရိမ် နေကြကြောင်း ဆိုပါသည်။ ပြည်တွင်း တိုင်းရင်းသား နိုင်ငံရေး ပါတီများသည် (UNFC) အဖွဲ့များနှင့် သဘောထား တထပ်တည်း ရှိနေသော်လည်း လှုပ်ရှားမှုများ အကန့်အသတ် ဖြစ်နေခြင်းကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုသာ အာရုံစိုက် ကြကြောင်းဆိုပါသည်။

ဥက္ကဌခူးအေဘယ်လ်ဒွိ ပါဝင်သော (UNFC) ခေါင်းဆောင်များ ၏ နိုဝင်ဘာ (၂၅) ရက်နေ့ ခရီးစဉ်တွင် နိုင်ငံရေး ပါတီနှင့် ခေါင်းဆောင်များ အပြင် ၀န်ကြီး ဦးအောင်မင်း တို့နှင့် လည်း တွေ့ဆုံခဲ့သည့် အပြင် သတင်းစာ ရှင်းလင်းပွဲပါ ကျင်းပခဲ့ ပါ သည်။ ဤခရီးစဉ် အတွက် ၀န်ကြီး ဦးအောင်မင်းသည် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌအား ဖိတ်ကြား စေခဲ့ပါသည်။

(KNPP) ၏ အမြဲတမ်း ဗဟိုကော်မတီမှာ (၈) ဦး ရှိပြီး ဗဟိုကော်မတီ (၁၅) ဦးနှင့် အရံ (၁၂) ဦးဖြင့်ဖွဲ့စည်း ထားပါသည်။ အစိုးရနှင့် (၂၀၁၂) ခုနှစ် မတ်လတွင် ဒုတိယအကြိမ် အပစ်ရပ်ခဲ့ပြီး (၁၉၉၄) ခုနှစ်တွင် ပထမအကြိမ် အပစ်ရပ် ခဲ့သော ပါတီဖြစ်ပါသည်။

ရွှေဟင်္သာ

No comments:

Post a Comment