address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

Eleven Media သတင်းထောက် ထောင်ဒဏ် ချမှတ်ခံရမှု မန္တလေး သတင်းသမားများ ဆန္ဒထုတ်ဖော်မည်

Eleven Media ၏ နယ်သတင်းထောက်ဖြစ်သူ မခိုင်ကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် တရားရုံး က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအပေါ် မန္တလေးမြို့တော်ရှိ
သတင်းသမားများက ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေး သတင်းသမားများ အဆိုပါ ကိစ္စအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲအရ သိရသည်။
“ကြေညာချက်ထဲက အတိုင်းပဲ ဒီကိစ္စကို သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတွေက ပြန်လည် စိစစ်ပေးဖို့ လိုလားတယ်။ ၃၁ ရက်နေ့အထိ စောင့်ကြည့်မယ်။ တကယ်လို့ထူးခြားမှု တစ်စုံတစ်ရာ ရှိမလာဘူးဆိုရင် သက်ဆိုင်ရာ အသီးသီးကို စာတင်ပြီးတော့ မန္တလေးမြို့မှာရှိတဲ့ သတင်းသမားတွေ အားလုံးစုပြီးတော့ ဆန္ဒထုတ်ဖော်ဖို့ ရှိပါတယ်” ဟု မန္တလေး ခေတ်ဂျာနယ် အယ်ဒီတာ ဦးမင်းဒင်က ပြောကြားသည်။

အဆိုပါ နယ်သတင်းထောက် မခိုင်ကို ထောင်ဒဏ် ချမှတ်ခဲ့ခြင်းအပေါ် မန္တလေး သတင်းသမားများက အပြင်းအထန် ကန့်ကွက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူများက ပြန်လည် စိစစ်ပေးရန်၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေမဲ့ ဆောင်ရွက်နေမှုများ ရှိနေကြောင်း ကြားသိနေရသဖြင့် မှန်ကန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန် မန္တလေး သတင်းသမားများက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းဒင်က ထပ်မံပြောကြားသည်။

အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေချိန် ယင်းကဲ့သို့ သတင်းထောက်တစ်ဦးကို အချိန်တစ်လကျော်အတွင်း အမှုစစ်ဆေးကာ ထောင်ဒဏ် ချမှတ်ခြင်းသည် အစိုးရသစ်၏ နိုင်ငံပြုပြင် ပြောင်းလဲရေးကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ သတင်းသမားများ လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့်နှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးထားသည့် စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ကြိုတင် တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းခြင်း ပြုလုပ်ပြီးမှသာ တရားစွဲဆို ပြစ်ဒဏ် စီရင်ခြင်းကို ဆောင်ရွက်ရန် မန္တလေး သတင်းသမားများက ဆန္ဒရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

The Voice Weekly

No comments:

Post a Comment