address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

ကမ္ဘာကျော် ပုဂ္ဂိုလ်များ

ဘီလ်ဂိတ်စ်
-------------
ဘီလ်ဂိတ်စ်ဟာ အထက်တန်း ကျောင်းသားဘဝမှာ ကတည်းက ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို ဖန်တီးရေးဆွဲခဲ့ပြီး မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ၁၉၇၇ ခုနှစ်မှာပူးတွဲ ထူထောင်ခဲ့ပါတယ်။


အဲဒီနောက် ၁၉၉၃ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံးသူ ဖြစ်လာပါတယ်။ ၂ဝဝဝ ပြည့်နှစ်မှာတော့ သူနဲ့သူ့ရဲ့ ဇနီးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အလှူဒါန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Bill & Melinda Gates ဖောင်ဒေးရှင်းကို ထူထောင်ခဲ့ပါတယ်။ အဲဒီဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်တွေကတော့ တတိယကမ္ဘာမှာ ပိုလီယိုနဲ့ အခြား ကြောက်မက်ဖွယ် ရောဂါများ အပြီးတိုင် ချုပ်ငြိမ်းရေး ပါဝင်ပါတယ်။

အဲလ်ဘတ်အိုင်းစတိုင်း
------------------------

သမိုင်းမှာ အကြီးကျယ်ဆုံး ရူပဗေဒပညာရှင်ကြီး တစ်ဦးဖြစ်ပြီး သူ့ရဲ့အမည်ဟာ ပါရမီဥာဏ် ကြီးကျယ်မှုရဲ့ အမှတ်သညာ တစ်ခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့အကျော်ကြားဆုံး လုပ်ဆောင်ချက် တစ်ရပ်ဖြစ်တဲ့ ရီလေတစ်ဗတီ သီအိုရီကို ၁၉၁၉ ခုနှစ်မှာ သက်သေပြ ဖော်ထုတ်ခဲ့ချိန်ကစလို့ သူဟာ ကမ္ဘာ့အထင်ရှားဆုံး သိပ္ပံပညာရှင် တစ်ဦးဖြစ်လာခဲ့ပြီး ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ၁၉၂၁ ခုနှစ်မှာ ဆွတ်ခူးခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေး ဝါဒီတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ သိပ္ပံသီအိုရီတွေက အမေရိကန် ပြည်ထောင်စုကို အဏုမြူဗုံး ထုတ်လုပ်ဖို့ အကူအညီ ပေးခဲ့ပါတယ်။ သူမသေဆုံးမီ ရက်သတ္တတစ်ပတ် အလိုမှာ အိုင်းစတိုင်းက နျူကလီးယား ဆန့်ကျင်ရေး လှုံ့ဆော်သူ တစ်ဦးဖြစ်တဲ့ ဗြိတိသျှ ဒဿနိကဗေဒ ပညာရှင် ဘာထရန်ရပ်ဆဲကို နိုင်ငံအားလုံး နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ကြဖို့ ကြေညာစာတမ်း တစ်ခုမှာ သူ့အမည်ထည့်သွင်း ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဒေါ့ဖ်ဟစ်တလာ
--------------------

ဟစ်တလာဟာ ၁၉၃၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျာမနီနိုင်ငံရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီကာလဟာ ကမ္ဘာ့သမိုင်းမှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဒုတိယ ကမ္ဘာစစ်ကြီး ဆီကို ဦးတည်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေကို မုန်းတီးမှုက သူ့ကို ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဂျူး ခြောက်သန်း သုတ်သင်သတ်ဖြတ်မှုကို ဦးတည်စေခဲ့ပါတယ်။ ဂျူးအများစုဟာ အရှေ့ဥရောပ ဒေသက အကျဉ်းစခန်းတွေမှာ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

မဟတ္တမ ဂန္ဓီ
---------------

ဂန္ဓီဟာ သူ့ရဲ့ဘဝကို ရှေ့နေတစ်ဦးအဖြစ် စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကြီးကျယ်တဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ဗြိတိသျှ အစိုးရအပေါ် ငြိမ်းချမ်းစွာ အာခံဆန္ဒပြမှုကို ဗြိတိသျှ အစိုးရနဲ့၁၉၄၇ ခုနှစ်မှာ စေ့စပ်ဆွေးနွေးချိန်အထိ ဦးဆောင်ခဲ့ပါတယ်။၁၉၄၇ ခုနှစ်မှာပဲ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဂန္ဓီဟာ အိန္ဒိယ ပြည်သူတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ ပြန်လည် ရုန်းကန်ခဲ့ရာမှာ ပထမဆုံး ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ရိုးရှင်းတဲ့ လူနေမှုဘဝပုံစံနဲ့ ဘာသာရေးဆိုင်ရာ သည်းခံမှုတွေမှာ သူ့ရဲ့ ယုံကြည်ချက်တွေက သူ့ကို သန့်ရှင်းငြိမ်းချမ်းတဲ့ အမှတ်သညာတစ်ခု ဖြစ်လာစေခဲ့ ပါတယ်။

ချားလ်စ်ဒါဝင်
--------------

ကမ္ဘာကို ပြောင်းလဲစေခဲ့သော ပုဂ္ဂိုလ်များတွင် သဘာဝဗေဒ ပညာရှင် ချားလ်စ်ဒါဝင်ဟာ ဖြစ်ပေါ်ပြောင်းလဲမှု သီအိုရီကို ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ The Origin of Species by Means of Natural Selection စာအုပ်ကို ၁၈၅၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ဒီစာအုပ်ပါ အယူအဆတွေနဲ့ ပတ်သက်လို့ ဝေဖန်တုံ့ပြန်မှုတွေ ဆူညံခဲ့ပါတယ်။ ဒါဝင်ဟာ သမ္မာကျမ်းစာက လူသားဖန်ဆင်းမှု အယူအဆကို စိန်ခေါ်ခဲ့ပြီး လူသားမျိုးနွယ်တွေ ဟာ မျောက်နဲ့တူတဲ့ မျိုးနွယ်တွေကနေ ဆင်းသက်လာတယ်လို့ ရှင်းပြခဲ့ပါတယ်။ အခြား အင်္ဂလိပ် သဘာဝဝါဒီ တစ်ဦးဖြစ်တဲ့ အဲလ်ဖရက်ဒ်ရပ်ဆဲလ် ဝေါလေ့စ် ဟာလည်း ဒါဝင်နဲ့ဆင်တူတဲ့ အယူအဆ ကို တစ်ချိန်တည်းမှာ ဖော်ထုတ်ခဲ့ပါတယ်။

ကားမာ့ခ်စ်
-----------

ကမ္ဘာကို ပြောင်းလဲစေခဲ့သော ပုဂ္ဂိုလ်များတွင် ကားမာ့ခ်စ်ရဲ့ စီးပွားရေးဆိုင်ရာ သမိုင်းနဲ့ လူမှုဗေဒ အယူအဆတွေဟာ ကမ္ဘာကို ပြောင်းလဲ စေခဲ့ပါတယ်။ သူဟာ လူမှုရေး ဒဿနိက ဗေဒပညာရှင် တစ်ယောက်ဖြစ်ပြီး လူအားလုံးဟာ တူညီတဲ့ ရပိုင်ခွင့်ရှိတယ်လို့ ဆိုတဲ့ အယူအဆကို ထုတ်ဖော်ခဲ့ပါတယ်။ ဖရက်ဒရစ် အိန်ဂျယ်နဲ့ ပူးပေါင်း ထုတ်ဝေတဲ့ Communist Manifesto ဆိုတဲ့ စာအုပ်ထဲမှာ သူ့ရဲ့သီအိုရီတွေ ကို ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ အယူအဆတွေဟာ နောက်ပိုင်းမှာ ရုရှား ကွန်မြူနစ် တော်လှန်ရေး ဆီကို ဦးတည် သွားစေခဲ့ပါတယ်။

ဝီလီယံ ရှိတ်စပီးယား
---------------------

ကမ္ဘာကို ပြောင်းလဲစေခဲ့သော ပုဂ္ဂိုလ်များတွင် ဝီလီယံ ရှိတ်စပီးယားကိုတော့ ယေဘုယျအားဖြင့် အင်္ဂလိပ် စာပေမှာအကြီးကျယ်ဆုံး ပြဇာတ် စာရေးဆရာအဖြစ် သဘောတူ လက်ခံထားကြပါတယ်။ သူဟာ သရုပ်ဆောင် တစ်ယောက် အဖြစ် ဘဝကို စတင်ခဲ့ပြီး အချစ်ကဗျာ ၁၅၄ ပုဒ်နဲ့ ပြဇာတ် ၃၇ပုဒ် ရေးခဲ့ပါတယ်။ အဲဒီပြဇာတ်တွေထဲမှာ ဟမ်းမလက်၊ လီယာမင်းကြီး၊ ရိုမီယိုနဲ့ ဂျူးလီးယက်၊ မက္ကဘက် တို့ အပါအဝင် ဖြစ်ပါတယ်။ ရှိတ်စပီးယားဟာ အင်္ဂလိပ်ဘာသာ မှာလည်း စကားလုံး အသစ် ၁၇ဝဝ ကျော် မွေးဖွားပြုစု ပေးနိုင်ခဲ့ပါတယ်။

ခရစ္စတိုဖာ ကိုလံဘတ်
------------------------

ကမ္ဘာကို ပြောင်းလဲစေခဲ့သော ပုဂ္ဂိုလ်များတွင် ခရစ္စတိုဖာ ကိုလံဘတ်ဟာ နယ်ပယ်သစ် စူးစမ်းရှာဖွေသူ တွေထဲမှာ ထင်ရှားကျော်ကြားသူ တစ်ယောက် ဖြစ်ပါတယ်။ ဥရောပတိုက်ကနေ ၁၄၉၂ ခုနှစ်မှာ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး အနောက်ယွန်းယွန်း အာရှတိုက်ဆီကို ရောက်ရှိနိုင်တယ်လို့ ယုံကြည်ပြီး ရွက်လွှင့် ခဲ့သူပါ။

ဒါပေမဲ့ အဲဒီအစား နှင်းတွေ ဖုံးလွှမ်းနေတဲ့ အနောက် အိန္ဒိယကျွန်းစုတွေ ဆီသို့ ရောက်ရှိ သွားခဲ့ပါတယ်။ အဲဒီကနေ အမေရိကတိုက်ကို မမျှော်လင့်ဘဲ ဆက်လက် ရှာဖွေတွေ့ရှိခဲ့ ပါတယ်။

No comments:

Post a Comment