address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, December 28, 2013

သေနတ်ကိုင်ဆောင်ကာ လုယက်၊ ခြိမ်းခြောက်မှုများ မကြာခဏ ဖြစ်ပွားလာခြင်းကြောင့် ခွင့်ပြုချက်ဖြင့် ကိုင်ဆောင်နေသူများနှင့် တရားမ၀င် ကိုင်ဆောင်နေသူများကို စစ်ဆေးသွားမည်

သေနတ်ကိုင်ဆောင်ကာ လုယက်၊ ခြိမ်းခြောက်မှုများ မကြာခဏ ဖြစ်ပွားလာမှုကြောင့် ပါမစ်ဖြင့် ကိုင်ဆောင် နေသူများနှင့် တရားမ၀င် ကိုင်ဆောင်နေသူများကို
စစ်ဆေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးနှင့် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲမှူးခင်အောင်က ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောသည်။

တရားမ၀င် လက်နက်ကိုင်ဆောင် နေသူများကို လက်နက် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် အတွက် စုံစမ်းစစ်ဆေးခြင်း၊ မြို့ဝင်မြို့ထွက် ဂိတ်များနှင့် မြို့တွင်း၌ ပိတ်ဆို့ စစ်ဆေးခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

''လက်နက်တွေကို တရားမ၀င် ကိုင်ဆောင်နေတာတွေ ရှိတယ်။ ဒါတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူသွားမယ်။ ဒီနှစ်ကုန်ရင် ပါမစ်နဲ့လက်နက် ကိုင်ဆောင်ခွင့် ရရှိထားသူတွေက သက်တမ်းတိုးမှုတွေ ပြုလုပ်ရမယ်။ အဲဒီအချိန်မှာ ထုတ်ပေးမှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးသွားမယ်။ မန္တလေးတိုင်း ဒေသကြီး အတွင်းမှာတော့ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်'' ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးခင်အောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ ရဲမှူးကြီးတစ်ဦးက''အရင်တုန်းက ရပ်ကွက်တွေက သူကြီးတွေကို ပေးထားတဲ့ လက်နက်တွေကို ပြန်သိမ်းထားပြီ ဖြစ်တယ်။ ဒီခေတ်မှာတော့ လိုင်စင်နဲ့ သေနတ်တွေ ကိုင်ဆောင်နေတဲ့ စစ်ဘက်အငြိမ်းစား အရာရှိကြီးတွေနဲ့ ရဲအရာရှိကြီးတွေ ရှိတယ်။ ကိုင်ဆောင်ခွင့် ရရှိသူတွေကလည်း သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီမှု ရှိရပါမယ်။ အများစုမှာတော့ လုံခြုံရေးအတွက် ကိုင်ဆောင်ခြင်း ဖြစ်တယ်'' ဟု ပြောကြားသည်။

ယခုလပိုင်းအတွင်း သေနတ်ကိုင်ကာ ပြစ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်အချို့မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာရှိ ရွှေဆိုင်တစ်ခုအား ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက သေနတ်ပြ ခြိမ်းခြောက် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်း ဒေသကြီး လမ်း ၈၀ နှင့် ၂၉လမ်းထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆နာရီ ခန့်က အမျိုးသားတစ်ဦး ၀င်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် လှိုင်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ဦးဥတ္တမလမ်းတွင် ကရင်ပြည်နယ် သံတောင်မြောက်ပိုင်း ပြည်သူ့စစ်(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ စောနေလင်း(၂၉)နှစ်မှာ ထွန်းထွန်းဝင်း(ခ) ကဏန်းဆိုသူနှင့် လမ်းမဖယ်သည့် ကိစ္စဖြင့် စကားများစဉ် စောနေလင်းက အသင့်ယူဆောင်လာသော CZ 75 B CAL 9 Luger (၉မမ) ပစ္စတို သေနတ်ကိုထုတ်၍ ချိန်ရွယ်ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့သည်။

EMG

No comments:

Post a Comment