address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ကိုးဆုပေးအပ်၊ နှစ် ၆၀ အတွင်း ဟာသဇာတ်ကားဖြင့် ဆုအများဆုံး ဆွတ်ခူး

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ ရုပ်ရှင်လုပ်ငန်းက နောက်ဆုံး တာဝန်ယူ ချီးမြှင့်ပေးခဲ့သော ၂၀၁၂ ခုနှစ် မြန်မာရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဆုကိုးဆုချီးမြှင့် ပေးခဲ့ရာ

ရုပ်ရှင် ထူးချွန်ဆုများကို စတင် ချီးမြှင့်ပေးခဲ့သည့် ၁၉၅၂ ခုနှစ်မှ ၂၀၁၂ အထိ နှစ်ပေါင်း ၆၀ အတွင်း ဟာသရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည့် ဥက ဆုသုံးဆု ဆွတ်ခူးပြီး ဆုအများဆုံး ရရှိခဲ့သည်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းက တာဝန်ယူ ချီးမြှင့်ပေးခဲ့သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲများတွင် ဒရာမာ (ရသ) ရုပ်ရှင် ဇာတ်ကားများကသာ ထူးချွန်ဆု အများအပြား ရရှိလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ဆန်ခါတင် စာရင်းဝင် ဒရာမာဇာတ်ကား များထဲမှ ဟာသရုပ်ရှင်ဇာတ်ကား တစ်ကားက ပထမဆုံးအကြိမ် ထူးချွန်ဆု သုံးဆုအထိ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ထူးချွန်ဆုကိုးဆု ချီးမြှင့်ခဲ့သည့်အနက်မှ ဥ ဟာသရုပ်ရှင် ဇာတ်ကားက တည်းဖြတ်ဆုအတွက် ဇော်မင်း (ဟံသာမြေ)၊ ဇာတ်ပို့ဆုအတွက် သရုပ်ဆောင် ချောရတနာ၊ ဒါရိုက်တာဆုအတွက် ကိုဇော် (အရုဏ်ဦး) တို့က ရရှိခဲ့ပြီး ကျန်ဆုများကို ရုပ်ရှင် အသံဆုအတွက် ကယန်းအလှ ရုပ်ရှင်ဇာတ်ကားဖြင့် ဦးတိုနီ (လင်း)၊ ရုပ်ရှင် ဓာတ်ပုံဆုအတွက် ကယန်းအလှရုပ်ရှင် ဇာတ်ကားဖြင့် ဒါရိုက်တာ အောင်ကိုလတ်၊ တေးဂီတဆု အတွက် အမွေခံထိုက်သူ ဖြစ်ပါစေ ရုပ်ရှင်ဇာတ်ကားဖြင့် ဦးဝင်းကို၊ ယခုနှစ်တွင် ပြန်လည် ချီးမြှင့်သည့် ကလေး သရုပ်ဆောင်ဆုအတွက် တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားဖြင့် ယွန်းယွန်း၊ အမျိုးသား ဇာတ်ဆောင်ဆုအတွက် လက်ပံရုပ်ရှင် ဇာတ်ကားဖြင့် သရုပ်ဆောင်
ပြေတီဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် လက်ပံ ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင် ဖွေးဖွေးတို့က ရရှိခဲ့ကြပြီး၊ အမျိုးသား ဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံးရုပ်ရှင် ဇာတ်ကား ဆုများကိုမူ ချီးမြှင့်ပေးအပ်ခဲ့ခြင်း မရှိပေ။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ သမိုင်းတွင် ဟာသရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည့် ဥက ထူးခြားစွာ ဆုသုံးဆု ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ “အကယ်ဒမီ ပေးပွဲမှာက ဟာသဇာတ်ကားတွေကို ဆုပေးလေ့ ပေးထ မရှိတဲ့အတွက် အခုလိုမျိုး ဆုသုံးဆုအထိ ရလာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ပါဘူး။ ဒီဇာတ်ကားမှာ ဇာတ်ပို့ဆုတို့၊ တေးဂီတ ဆုတို့လောက်ပဲ ရမယ်လို့ ထင်ထားတာပါ။ အခုလိုမျိုး ဒါရိုက်တာဆုအထိပါ တက်ပြီးပေးတဲ့အတွက် ကျွန်တော် ဖော်မပြနိုင်လောက်အောင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” ဟု ယင်းဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ရခဲ့သည့် ကိုဇော် (အရုဏ်ဦး) က ဖွင့်ဟသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် ထူးချွန်ဆု ၉ ဆုသာ ချီးမြှင့်ခဲ့ခြင်းနှင့် ပတ်သက်ပြီး “ဇာတ်ညွှန်းဆုကတော့ ခုနစ်ကားလုံးက ဇာတ်ကားတွေကို မကြိုက်လို့ ဖြစ်မှာပါ။ ဇာတ်ကားဆုကတော့ မော်ကင်းဥဒါန်းကို ပေးမယ်ဆိုလည်း ရတယ်။ သူက ဆလုံနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ရိုက်ပြထားတာ ကောင်းတယ်။ ကယန်းအလှကို ပေးမယ်ဆိုရင်လည်း ပေးလို့ရတယ်။ အမျိုးသား ဇာတ်ဆောင်ဆုနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုရတဲ့ လက်ပံကားကို ပေးမယ်ဆိုရင်လည်း ရတယ်။ ဆုချီးမြှင့်ဖို့အတွက် အကဲဖြတ် အဖွဲ့ဝင်တွေက သူတို့ သုံးသပ်ချက်တွေကို အိတ်ပိတ် ပေးလိုက်ရတယ်။ ကျန်တာကိုတော့ ပြန်ကြားရေးဝန်ကြီးရယ်၊ ဒုဝန်ကြီး ရယ်၊ MD ရယ် အကယ်ဒမီ အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒါရိုက်တာ မောင်နှင်းမိုးတို့က ရွေးတယ်ကြားတယ်” ဟု စာနယ်ဇင်းပညာရှင်၊ အလင်းတန်းနှင့် ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ပြောကြားသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု သမိုင်းတွင် ဟာသသရုပ်ဆောင် ဖိုးပါကြီးက ဖိုးပြုံးချို ဇာတ်ကားဖြင့် အကောင်ဆုံး အမျိုးသား သရုပ်ဆောင်ဆု၊ သရုပ်ဆောင်မိုးဒီက ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုနှင့် သရုပ်ဆောင်မော့စ်က ထာဝရ အလင်းတန်းများ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုများ ရရှိခဲ့ဖူးသော်လည်း ၎င်းတို့မှာ ဒရာမာ ဇာတ်ကောင် စရိုက်များတွင် သရုပ်ဆောင်မှုများမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ဥ ရုပ်ရှင်ကမူ ဟာသသီးသန့် ဇာတ်ကားတစ်ကားအဖြစ် အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment