address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

ကင်းထောက်ဥပဒေ လာမည့် ဇူလိုင်အမီ အသက်ဝင်ရန် ကြိုးပမ်းမည်ဟုဆို

နှစ်ပေါင်း ၅၀ အကြာ၌ ပြန်လည် အသက်ဝင်လာသော မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့သည် ၎င်းတို့ ရေးဆွဲထားသော ဥပဒေကြမ်းကို လွှတ်တော်က ၂၀၁၄ ခုနှစ် ဇူလိုင်လအမီ
အတည်ပြုပေးရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးတင်ညိုက ပြောကြားသည်။
“၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ကမ္ဘာ့ ကင်းထောက် အဖွဲ့တွေ တွေ့ဆုံပွဲရှိတယ်။ အဲဒီပွဲကို တက်ခွင့်ရအောင် ကင်းထောက်ဥပဒေ အတည်ဖြစ်ဖို့ လွှတ်တော်ရော၊ သမ္မတကြီးဆီပါတင်ဖို့ အခုလုပ်နေတယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် ကင်းထောက် အမျိုးသား လိုက်နာရမည့် ဥပဒေနှင့် ကင်းထောက် အမျိုးသမီးအတွက် ဥပဒေဟူ၍ ခွဲခြားထားကြောင်း၊ ယင်းမူကြမ်းကို လွှတ်တော်သို့ မတင်မီ ကမ္ဘာ့ ကင်းထောက် လှုပ်ရှားမှု အဖွဲ့အစည်း (WOSM) နှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း ညီလာခံ ပြုလုပ်ကာ အချောသတ် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဦးတင်ညို၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ယခင်ကင်းထောက် ဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ရေးဆွဲ နေသည်မှာ ခြောက်လ ရှိပြီ ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ဥပဒေကြမ်းသည် အင်္ဂလိပ် ဘာသာဖြင့် ရေးဆွဲလျက်ရှိရာ ဖွဲ့စည်းပုံ အသုံးအနှုန်းနှင့် တာဝန်များ၊ မွမ်းမံမှုများ ထည့်သွင်းထားကြောင်း ယင်းဥပဒေ ရေးဆွဲရေးတွင် ပါဝင်သည့် ကင်းထောက် ဦးသာစိန်ထံမှ သိရသည်။

WOSM အဖွဲ့ကို ၁၉၂၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ယင်းအဖွဲ့ဝင်နိုင်ငံ ၁၆၁ နိုင်ငံရှိကာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အခြေစိုက်လျက် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ကင်းထောက် လှုပ်ရှားမှုများအပြင် ကင်းထောက်ဥပဒေ ရေးဆွဲရေးကိုပါ ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြန်လည် အကောင်အထည် ဖော်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းပေါင်း ၂၀ မှ ကျောင်းသား ကျောင်းသူ ၂၀၀၀ ဦးကို မွေးထုတ်ခဲ့ကာ နိုင်ငံတကာ ကင်းထောက် အဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ဆောင်မှု များကို ပြုလုပ်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment