address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, December 28, 2013

တနင်္သာရီတိုင်းတွင် မွန်လူဦးရေစာရင်း ကောက်မည်

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ဆယ်မြို့နယ်လုံးတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်း၏ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ရရှိစေရန်အတွက် မွန်လူဦးရေ စာရင်းကို
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးကောက်ခံသွားမည် ဖြစ်ကြောင်း မွန်စေတနာ အဖွဲ့ဝင် ဒေါ်မိငွေလေးက ပြောကြားသည်။

မွန်လူဦးရေစာရင်း ကောက်ခံရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က မွန်စေတနာအဖွဲ့ မွန်တက္ကသိုလ် ကျောင်းသူကျောင်းသား ဟောင်းများအဖွဲ့၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (ANDP)၊ မွန်ပြည်သစ် ပါတီတို့မှ အဖွဲ့ဝင်များ ပါဝင်သည့် မွန်လူဦးရေ ကောက်ခံရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ ကော်မတီဝင်များက ပြောကြားသည်။

ယင်းသို့ ကောက်ခံရခြင်းမှာ တနင်္သာရီတိုင်းတွင် နေထိုင်သည့် မွန်လူဦးရေကို တိတိကျကျ သိရှိစေရန်နှင့် မွန်လူဦးရေ ခြောက်သောင်းကျော်ပါက မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ယောက် ရရှိမည် ဖြစ်ခြင်းကြောင့် မွန်အများအပြား နေထိုင်သည့် ဒေသများတွင် မွန်လူဦးရေ စာရင်း ကောက်ခံရခြင်း ဖြစ်သည်ဟု ဒေါ်မိငွေလေးက ဆိုသည်။
“ဒေသခံတွေ ဖိတ်ခေါ်နေတာကြာပြီး၊ သူတို့လည်း မွန်ရေးရာ ဝန်ကြီးတစ်ယောက်ရဖို့ အရမ်းလိုအပ်နေတယ်၊ ကျွန်မတို့လည်း မွန်တွေရှိတဲ့ အဓိကနေရာကိုပဲ သွားမှာပါ။ ဒေသခံတွေကလည်း မှန်မှန်ကန်ကန် ဖြေဖို့ လိုအပ်တယ်။ တနင်္သာရီတိုင်းမှာက အတိအကျစာရင်း မကောက်ထားတာတောင် မွန်လူဦးရေ လေးသောင်းကျော် ရှိတယ်လို့ သိရတယ်” ၎င်းကဆိုသည်။

မွန်လူဦးရေစာရင်း ကောက်ခံရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ကောက်ခံခဲ့သည့် ပုံစံများအတိုင်း ပြုလုပ် သွားမည် ဖြစ်ပြီး မွန်ပြည်သစ်နယ်မြေပိုင် ဒေသများတွင် နယ်မြေ လုံခြံရေးအတွက် မွန်ပြည်သစ် ပါတီဘက်မှ တာဝန်ယူ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ကော်မတီ ဖွဲ့စည်းထားပြီးပြီ ဖြစ်သဖြင့် မွန်လူဦးရေး စာရင်းကောက်ခံရန် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့လည်း တင်ပြသွားမည် ဖြစ်ကြောင်း မွန်လူဦးရေ ကောက်ခံရေး ကော်မတီထံမှ သိရသည်။

၂၀၁၄ ခုနှစ် ဇန်ဝါရီလတွင် စတင်ကောက်ယူသွားမည့် မွန်လူဦးရေ စာရင်းကို မွန်တိုင်းရင်းသား အများဆုံး နေထိုင်သည့် တနင်္သာရီတိုင်း၊ ရေးဖြူမြို့မှစတင်ကာ ထားဝယ်၊ နောင်လုံ၊ ပုတ်ပြင်၊ မြိတ်၊ ကော့သောင်း စသည့်မြို့များကို ဆက်တိုက် ကောက်ခံ သွားမည် ဖြစ်ကြောင်း ဒေါ် မိငွေလေးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment