address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

မျှော်ကြလေပြီ အကယ်ဒမီ

အနုပညာရှင်များက အောင်မြင်မှု မှတ်တိုင်တစ်ခုအဖြစ် မျှော်လင့်ကြသော အကယ်ဒမီ၊ ပရိသတ်များက ကိုယ်ချစ်ခင် အားပေးသော အနုပညာရှင်များကို အားပေးဖို့နှင့်
ဖက်ရှင်ဒီဇိုင်းများကို လေ့လာဖို့အတွက် စောင့်မျှော် ကြည့်ရှုကြသော အကယ်ဒမီ၊ နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာများနှင့် မျက်နှာသစ် ဒီဇိုင်နာများက မိမိတို့၏လက်ရာ ဒီဇိုင်းဆန်းများကို အပြိုင်အဆိုင်၊ ထုတ်ဖော် ပြသခွင့်ရသည့် အကယ်ဒမီ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီမှစတင်ပြီး ရန်ကုန်မြို့တော် သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁) တွင် ကျင်းပတော့မည် ဖြစ်သည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ပေးပွဲမှာ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် လုပ်ငန်း နောက်ဆုံး တာဝန်ယူ ချီးမြှင့်ပေးခြင်း ဖြစ်ပြီး နောက်နှစ်မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင် ကျင်းပသွားမည် ဖြစ်သည်။ ယခုနှစ် အကယ်ဒမီ ပေးပွဲအတွက် ဇာတ်ကားများကို အကဲဖြတ်သည့် အဆင့်နှင့် အကယ်ဒမီ ဗန်းကိုင်များ ရွေးချယ်မှုမှအစ အခမ်းအနား အစီအစဉ် တော်တော်များများတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင် အတတ်ပညာရှင်များစွာ ပါဝင်ဆောင်ရွက်ခွင့် ရခဲ့သည်။

ယခုနှစ် အကယ်ဒမီပေးပွဲ အတွက် ၂၀၁၂ ခုနှစ်တွင် ရုံတင်ခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၇ ကားကို အကဲဖြတ် ကြည့်ရှုရာတွင် ပထမအဆင့်နှင့် ဒုတိယအဆင့်ဟူ၍ နှစ်ဆင့်ခွဲကာ ကြည့်ရှုခဲ့ပြီး အကောင်းဆုံးဆု ရနိုင်သည့် ဇာတ်ကားနှစ်ကား၊ သရုပ်ဆောင်နှစ်ဦး အပြိုင်ဖြစ်နေမှသာ နာယကများ အဖွဲ့က ဆုံးဖြတ်သည့် စနစ်ဖြင့် ဇာတ်ကားများကို အကဲဖြတ်ခဲ့ကြသည်။ အကဲဖြတ်သည့် အဆင့်တိုင်းတွင်လည်း ယခင်နှစ်ကထက် အနုပညာရှင်များ ပိုမိုပါဝင်ခွင့် ရခဲ့ပြီး၊ ဦးဆောင် ကျင်းပသည့် မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ အနည်းငယ်သာ ပါဝင်ခဲ့သည့်အတွက် ယမန်နှစ်ကကဲ့သို့ ဆုရွေးချယ်မှုပိုင်းနှင့် ပတ်သက်၍ အငြင်းပွားမှုများ နည်းပါးလိမ့်မည်ဟု မျှော်လင့်ရသည်။

ဆုရွေးချယ်မှုစနစ်တွင် ထူးခြားချက်အနေနှင့် ယခုနှစ်တွင် အကဲဖြတ် ကြည့်ရှုပြီးသော ရုံတင်ဇာတ်ကား ၁၇ ကားထဲမှ ဆန်ခါတင် ဇာတ်ကား ခုနစ်ကားကို ကြိုတင် ထုတ်ပြန် ကြေညာခဲ့သည်။ ဆန်ခါတင် ဇာတ်ကားများအဖြစ် ဒါရိုက်တာကျော်ဇ ရိုက်ကူးပြီး သရုပ်ဆောင် ခန့်စည်သူ၊ ဟိန်းဝေယံ၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ မြတ်ကေသီအောင်၊ ချိုပြုံးတို့ ပါဝင် သရုပ်ဆောင်ထားသည့် အမုန်းမီးတောက်၊ ဒါရိုက်တာရွှေပြည်ကတုံး ရိုက်ကူးပြီး သရုပ်ဆောင် ကျော်ရဲအောင်၊ မင်းရာဇာ၊ နဝရတ်၊ ဒေါ်မြင့်မြင့်ခင်နှင့် ကလေးသရုပ်ဆောင် အားသစ်တို့ ပါဝင် သရုပ်ဆောင်ထားသည့် အမွေခံထိုက်သူ ဖြစ်ပါစေ၊ ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး သရုပ်ဆောင်ပြေတီဦး၊ ဖွေးဖွေး၊ စိုးမြတ်သူဇာနှင့် ကလေးသရုပ်ဆောင် ယွန်းယွန်းတို့ ပါဝင်သရုပ်ဆောင် ထားသည့် လက်ပံ၊ ဒါရိုက်တာဝေမှိုင်းညို ရိုက်ကူးပြီး သရုပ်ဆောင်လူမင်း၊ နိုင်းနိုင်း၊ သူထူးစံ၊ ၊ ညွန့်ဝင်းနှင့် နန္ဒာလှိုင်တို့ ပါဝင် သရုပ်ဆောင်ထားသည့် မော်ကင်းဥဒါန်း၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးပြီး ကျော်ရဲအောင်၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာနှင့် ချောရတနာတို့ ပါဝင်သရုပ်ဆောင် ထားသည့် ဥ၊ ဒါရိုက်တာနေပိုင် ရိုက်ကူးပြီး သရုပ်ဆောင် ဟိန်းဝေယံ၊ ရဲအောင်၊ နဝရတ်နှင့် ယွန်းယွန်းတို့ ပါဝင်သည့် တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးပြီး ဖရန့်စစ် ထွန်းလွင်အောင်၊ ခင်မာဝင်း၊ နွယ်နီဝင်း၊ မူမေရီနှင့် မူနှင်းခိုင်တို့ ပါဝင်သည့် ကယန်းအလှ ဇာတ်ကားများကို ရွေးချယ်ခဲ့ကြသည်။

ဆန်ခါတင် ဇာတ်ကား ခုနှစ်ကားအနက် ခြောက်ကားမှာ အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ဆုများ ဆွတ်ခူးနေကျ ဒရာမာဇာတ်ကားများ ဖြစ်ပြီး ဟာသဇာတ်ကားများထဲမှ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးသည့် ကျေးလက်ဟာသ ရုပ်ရှင် (ဥ) ထူးထူးခြားခြား ပါဝင်လာခဲ့သည်ကို တွေ့ရှိရသည်။

ဆန်ခါတင် ဇာတ်ကားစာရင်း ထွက်ပေါ်လာပြီးနောက်တွင် ပရိသတ်များ၊ မီဒီယာများနှင့် အနုပညာ လောကသားများက အမျိုးသား ဇာတ်ဆောင်ဆုအတွက် လက်ပံ ရုပ်ရှင်ဇာတ်ကားမှ၊ သရုပ်ဆောင် ပြေတီဦးနှင့် မော်ကင်းဥဒါန်း ဇာတ်ကားမှ သရုပ်ဆောင်လူမင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ်ကားနှင့် အမွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကား နှစ်ကားထဲမှ သရုပ်ဆောင် နဝရတ်နှင့် လက်ပံ ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင်ဖွေးဖွေး၊ အမျိုးသား ဇာတ်ပို့ဆုအတွက် မော်ကင်းဥဒါန်း ဇာတ်ကားမှ ဦးညွန့်ဝင်းနှင့် ဦးကျော်ဟိန်း၊ အမျိုးသမီး ဇာတ်ပို့ဆုအတွက် လက်ပံနှင့် အမုန်းမီးတောက် ဇာတ်ကားနှစ်ကားထဲမှ သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ဥ ဇာတ်ကားထဲမှ သရုပ်ဆောင် ချောရတနာ၊ ဒါရိုက်တာဆုအတွက် ကယန်း အလှဇာတ်ကားနှင့် ဒါရိုက်တာ အောင်ကိုလတ်၊ လက်ပံဇာတ်ကားနှင့် ဒါရိုက်တာဝိုင်း၊ ဥဇာတ်ကားနှင့် ဒါရိုက်တာကိုဇော် (အရုဏ်ဦး)၊ ဇာတ်ကားဆုအတွက် ကယန်းအလှ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီနှင့်လက်ပံ၊ ဓာတ်ပုံဆုနှင့် အသံဆုများအတွက် ကယန်းအလှ၊ တည်းဖြတ်ဆုအတွက် ကယန်းအလှနှင့် လက်ပံကားတို့မှ ရရှိနိုင်ကြောင်း ထင်ကြေးပေး ခန့်မှန်းထားကြသည်။

အကယ်ဒမီဆု ရရှိရန် ထင်ကြေးပေး ခန့်မှန်းထားသော သရုပ်ဆောင်များ အနက် အမျိုးသား ဇာတ်ဆောင်ဆု အတွက် လက်ပံဇာတ်ကားမှ ပြေတီဦးထက် မော်ကင်းဥဒါန်း ဇာတ်ကားတွင် ဆလုံလူမျိုး အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည့် လူမင်းက အားသာလျက်ရှိပြီး၊ အမျိုးသမီး ဇာတ်ဆောင်ဆု အတွက်လည်း လက်ပံ ရုပ်ရှင်ဇာတ်ကားမှ ဖွေးဖွေးထက် တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားတွင် အမြွှာညီအစ်မ မေမြတ်ထန်နှင့် သစ်ရိပ်စံ၊ အမွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကားတွင် သားကိုရင် ဆွမ်းခံကျွေးသည်ကို စားရသည့် ဒုက္ခိတ မိခင်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည့် နဝရတ်က ဆုရရှိရန် ပိုမို အလားအလာ ကောင်းလျက်ရှိသည်။

အမျိုးသား ဇာတ်ဆောင်ဆု အတွက် မော်ကင်းဥဒါန်း ဇာတ်ကားတွင် အပြိုင်သရုပ်ဆောင်ခဲ့သည့် ဦးညွန့်ဝင်းနှင့် အနုပညာလောကမှ အနားယူ ကာသာသနာ့ဘောင်သို့ ဝင်သွားသည့် ဦးကျော်ဟိန်းတို့ထဲမှ တစ်ဦးဦးရနိုင်ပြီး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ဥဇာတ်ကားတွင် စိတ်မနှံ့သူ တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့သည့် ချောရတနာထက် လက်ပံဇာတ်ကားတွင် အမုန်း တရားများ ပြည့်နှက်နေသည့် မိန်းမတစ်ယောက်၊ အမုန်းမီးတောက် ဇာတ်ကားတွင် မိသားစု နှစ်စုကြားက ရန်ငြိုး၊ အာဃာတများကြောင့် သာသနာ့ဘောင်သို့ ခိုလှုံသွားခဲ့သူအဖြစ် သရုပ်ဆောင်ထားသည့် စိုးမြတ်သူဇာက ပိုရနိုင်ခြေ ရှိသည်။ အတတ်ပညာပိုင်းဆိုင်ရာ ဆုများဖြစ်သည့် တည်းဖြတ်ဆု၊ ဇာတ်ညွှန်းဆု၊ အသံဆု၊ ဓာတ်ပုံဆု၊ ဇာတ်ကားဆုများ အတွက်ကိုမူ ကယန်းအလှ၊ ဥ၊ လက်ပံ၊ အမွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကားများထဲမှ ဆွတ်ခူးသွားဖွယ် ရှိသည်။

ယခုနှစ် အကယ်ဒမီပေးပွဲတွင် စီစဉ် တင်ဆက်မှု ပုံစံများကို ပြောင်းလဲထားပြီး ယခင်နှစ် ကထက် ခမ်းနား ထည်ဝါမှု ရှိအောင် ကြိုးစားထားကြောင်း အခမ်းအနားကို ညနေ ၃ နာရီတွင် စတင်မည်ဖြစ်ပြီး တေးဂီတနှင့် ဖျော်ဖြေ တင်ဆက်မှု အပိုင်းတွင် အဖွင့်ပဏာမ သီချင်းအဖြစ် မြန်မာ့မြန်မာ့ရုပ်ရှင် သီချင်းကို သရုပ်ဆောင် ကောင်းပြည့်၊ စည်ဖြိုး၊ စိုးရန်အောင်၊ ဇေရဲထက်၊ ထိုက်စံမော့စ်၊ စူးရှ၊ ဂျွန်ကို၊ ညီထွဋ်ခေါင်၊ ချမ်းမေမြတ်နိုး၊ ဧကရီမှူးပိုင်၊ ဘေဘီမောင်၊ ရှင်ယွန်းမြတ်၊ မီးနို၊ ငြိမ်းဆုသာ၊ ထက်ထက်ဆုလှိုင်နှင့် ရှင်းရှင်းတို့က သီဆိုကြမည် ဖြစ်ကြောင်း၊ ထို့နောက်တွင် The Tree တေးဂီတဝိုင်းနှင့် တွဲဖက်၍ သရုပ်ဆောင် မင်းမော်ကွန်း၊ မြင့်မြတ်၊ ရန်အောင်၊ ချိုပြုံး၊ ထွန်းအိန္ဒြာဗို၊ မေဆွိ၊ ချစ်စနိုးဦး၊ ဝိုင်းစုခိုင်သိန်း၊ စိုးပြည့်သဇင်၊ ဆောင်းအိနြေ္ဒထွန်းတို့ ကသီဆို ဖျော်ဖြေကြမည် ဖြစ်ကြောင်း၊ အကယ်ဒမီထူးချွန်ဆု ကြေညာသည့် အချိန်တစ်ခုနှင့်တစ်ခု အကြားတွင်လည်း သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ တေးသံရှင် ဇော်ဝင်းထွဋ်နှင့် ဇာတ်သဘင်ဘက်မှ တင်မောင် ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ဖိုးချစ်နှင့် စွမ်းဇာနည်တို့က သရုပ်ပြဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အမှုဆောင် တစ်ဦးဖြစ်သည့် ဦးခင်မောင်ချင်းက ပြောကြားသည်။

ယမန်နှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ပရိသတ် ထင်ကြေးပေး ခန့်မှန်းထားသူများနှင့် ဆုရရှိ သွားသူများမှာ လွဲချော်ခဲ့သည့်အတွက် ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ ယခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင်လည်း ထင်ကြေးပေး ခန့်မှန်းထားသူများနှင့် တကယ်ဆုရရှိ သွားသူများ ထပ်တူညီနိုင်မှုရှိ မရှိကိုတော့ ဒီဇင်ဘာလ၂၉ ရက်နေ့ ညနေ ၃ နာရီမှ စတင်ပြီး စောင့်ကြည့်ရပေလိမ့်မည်။

The Voice

No comments:

Post a Comment