မြန်မာနိုင်ငံတွင်
ပြည်သူ့ဆန္ဒများကို လွပ်လပ်စွာ ဖော်ထုတ်နိုင်မည့် ပထမဦးဆုံးသော
လူထုဟစ်တိုင် နယ်မြေတစ်ခုကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် ၆၂
လမ်းရှိ မနော်ရမံ ဥယျာဉ်နှင့် လမ်း
၄၀ ကြားတွင် တည်ဆောက်မည့် လူထု
အပန်းဖြေနေရာကို သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်
စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဧရိယာ
စုစုပေါင်း ပေ ၃၅၀ ကျယ်ဝန်းပြီး လူဦးရေ တစ်ထောင်ခန့် စုစည်းနိုင်မည့်
အဆိုပါ လူထုဟစ်တိုင်ကို မနော်ရမံရှေ့မှ ချောင်း ဧရိယာပေါ်တွင်
တံတားအပြည့်ခင်းကာ ပြုလုပ်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လမတိုင်မီ
အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ နေရာကို မူလက လူထုအပန်းဖြေ
အဖြစ်သာ သတ်မှတ် ထားသော်လည်း ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရန်
နေရာတစ်ခု သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာသာရေး
ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီနေရာမှာ
လူတွေစုဝေးပြီး ဆွေးနွေးလို့ရမယ်။ ဆန္ဒထုတ်ဖော်ချင်တဲ့ သူတွေက ခွင့်ပြုချက်
တောင်းပြီး ဒီနေရာမှာ ဆန္ဒထုတ်ဖော်လို့ ရမယ်။ ဒီနေရာကို လုပ်ပေးရခြင်းရဲ့
ရည်ရွယ်ချက်ကိုက နေရာတစ်ခု သတ်မှတ်ပြီး ဆန္ဒပြလို့ ရအောင်ပါ။ လူထုဟစ်တိုင်
သဘောမျိုးပေါ့။ ဆန္ဒပြချင်တဲ့သူက ဒီနေရာမှာ လာပြ၊ စိတ်ဝင်စားတဲ့သူက
ရပ်ကြည့်၊ စိတ်မဝင်စားတဲ့သူက ကိုယ့်အလုပ်ကိုယ်ဆက် လုပ်ပေါ့။
မြန်မာနိုင်ငံမှာ ဘယ်နေရာမှာမှ မရှိသေးဘူး။ ဒါပထမဆုံးနဲ့ တစ်ခုတည်းသော
လူထုဟစ်တိုင်ပါ” ဟု ၎င်းကဆိုသည်။
“အခုလို နေရာသတ်မှတ်ပေးမယ် ဆိုတော့
ဆန္ဒပြချင်တဲ့သူက စည်းကမ်းတကျနဲ့ပြ၊ သူ့သက်ဆိုင်ရာ တာဝန်ရှိသူကလည်း ဘာတွေ
ဆန္ဒဖော်ထုတ်နေလဲဆိုတာ လာကြည့်လိမ့်မယ်။ လုံခြုံရေးအတွက် လည်း မလုံလောက်မှာ
မပူရတော့ဘူးပေါ့” ဟု မန္တလေးမြို့ခံ တစ်ဦးဖြစ်သည့် အောင်မြေ သာစံမြို့နယ်မှ
အသက် ၆၀ အရွယ် ဦးသန်းက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံ၏ လူဦးရေ
အများဆုံး နေထိုင်ရာနှင့် အဓိက စီးပွားရေး လုပ်ငန်းများ အခြေစိုက်ရာ
ရန်ကုန်မြို့တော်၌ ပြည်သူများ ဆန္ဒထုတ်ဖော်ရန် သီးသန့်နေရာ မရှိသေးဘဲ
ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီး နေရာ၌သာ ပြုလုပ်နေလျက်
ရှိသည်။
The Voice Weekly
No comments:
Post a Comment