address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

မြန်မာပြည်သူ့ ဖိုရမ်ရလဒ် နိုင်ငံတော်သမ္မတထံ ပေးပို့မည်

ပထမဦးဆုံးအကြိမ် မြန်မာပြည်သူ့ ဖိုရမ် (Myanar People Forum/ Myanmar Civil Society Forum) ကို ဒီဇင်ဘာလ ၂၈၊ ၂၉၊ ၃၀ ရက်တို့တွင် ရန်ကုန်မြို့တော် မြန်မာ ကွန်ဗင်းရှင်းစင်တာ MCC ၌
ကျင်းပလျက်ရှိရာ ယင်းဖိုရမ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲများမှ ထွက်ရှိလာသော ရလဒ်ကို နိုင်ငံတော်သမ္မတထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးကျော်လင်းဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ဖိုရမ်သို့ တက်ရောက်လာ သူများက တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဟူသည့် ခေါင်းစဉ်ကြီး လေးခုအောက်တွင် အလုပ်ရုံ ဆွေးနွေးပွဲ စုစုပေါင်း ၁၈ ခု၌ ပါဝင် ဆွေးနွေးသွားမည် ဖြစ်ပြီး ယင်းအလုပ်ရုံ ဆွေးနွေးပွဲများမှ ချမှတ်လိုက်သော လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒါက ပထမဦးဆုံး လုပ်တာဆိုတော့ အားနည်းချက်တွေတော့ ရှိတာပေါ့လေ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပွဲဆိုပေမယ့် မြန်မာ တစ်နိုင်ငံလုံးက အဖွဲ့အစည်းတွေကို စုစည်းနိုင်မှု နည်းနည်း အားနည်းနေတယ်။ လာမယ့် အာဆီယံ လူထုဖိုရမ်အတွက် ကြိုတင် ပြင်ဆင်တယ်လို့ပဲ မြင်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ အချင်းချင်း ပိုပြီး ချိတ်ဆက် လာနိုင်ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ကဏ္ဍ ပိုအရေးပါလာမှာပါ” ဟု ပထမအကြိမ် ယင်းဖိုရမ်သို့ တက်ရောက်ခဲ့သည့် မြန်မာလူငယ် အားပေးကူညီ ထောက်ပံ့ရေးအဖွဲ့ MYCO ၏ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက ၎င်း၏အမြင်ကို ပြောကြားသည်။

ပထမဦးဆုံးအကြိမ် ကျင်းပသည့် မြန်မာပြည်သူ့ ဖိုရမ်မှ ထွက်ပေါ်လာသည့် အသံကို လာမည့် ၂၀၁၄ ခုနှစ်မတ်လတွင် အာဆီယံ ပြည်သူ့ဖိုရမ်သို့ သယ်ဆောင်သွားမည် ဖြစ်ပြီး အာဆီယံ ပြည်သူ့ဖိုရမ်မှ တစ်ဆင့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ သယ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးကျော်လင်းဦးက ဆိုသည်။
“ပြည်နယ်တချို့က ကိုယ်စားလှယ်တွေ မတက်တာတွေ့ရတော့ မြန်မာ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုမလားပေါ့လေ။ ပထမဦးဆုံး အကြိမ်ဆိုတော့ အားနည်းချက်တွေ ရှိပါတယ်။ မြန်မာ ပြည်သူတွေရဲ့ အသံကို ဒီဖိုရမ်ကနေ အာဆီယံနိုင်ငံ အလယ်မှာ ထုတ်ဖော်ခွင့် ရတော့မှာ ဖြစ်တဲ့အတွက် ဂုဏ်ယူစရာပါ” ဟု ပဏ္ဍိတ ဖွံ့ဖြိုးရေး အင်စတီကျု PDI ၏ ကိုယ်စားလှယ်အဖြစ် ယင်းဖိုရမ်သို့ တက်ရောက်ခဲ့သူ ဦးပြေငြိမ်းက မှတ်ချက်ပြုသည်။

မြန်မာပြည်သူ့ ဖိုရမ်သို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဦးသူရ ရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြား ထားသော်လည်း တက်ရောက်လာခြင်း မရှိဘဲ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သာ တက်ရောက် လာကြောင်း ယင်းဖိုရမ်သို့ တက်ရောက်သော ပုဂ္ဂိုလ်များထံမှ သိရှိရသည်။

မြန်မာပြည်သူ့ ဖိုရမ် ပထမနေ့တွင် မြန်မာနိုင်ငံတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၅၀၀ ကျော် တက်ရောက် ခဲ့ကြောင်း ဦးကျော်လင်းဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment