address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, December 27, 2013

နိုင်ငံရေးပုဒ်မများနှင့် ရာဇ၀တ်မှု ပုဒ်မများ ပူးတွဲကျခံ နေရသူများကို နိုင်ငံရေးပုဒ်မပြစ်ဒဏ် ဖြေလျှော့ပေးမည့် လွတ်ငြိမ်းသက်သာခွင့်ဆိုင်ရာ အမိန့်တစ်ရပ် အစိုးရက ယခုနှစ်ကုန်တွင် ထုတ်ပြန်ဖွယ်ရှိ


27.12.2013

ယခုနှစ်ကုန်လျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမည်ဟု နိုင်ငံတော် သမ္မတက ပြောကြားထားသော်လည်း ယခုအချိန်အထိ နိုင်ငံရေး အကျဉ်းသားများနှင့် ငြိမ်းစုစီ ဥပဒေများအရ တရားစွဲဆို ခံထားရသူများ ရှိနေသေးရာ ၎င်းတို့အား ယခုနှစ်ကုန်တွင် ပြစ်ဒဏ်မှ ဖြေလျှော့ပေးရန်အတွက် အမိန့်ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ပေးဖွယ် ရှိကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။

ယခင်အစိုးရများ လက်ထက်က နိုင်ငံရေးနှင့် ပတ်သက်သူများအား လွတ်ငြိမ်းသက်သာခွင့် ပေးရန်အတွက် ၂/၈၀ ကဲ့သို့သော အမိန့်မျိုး ထုတ်ပြန်ပေးခဲ့ဖူးကြောင်းကို နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ဦးမင်းဇင်က “မဆလ လက်ထက်က ၁၉၈၀ ခုနှစ်ပေါ့၊ သူတို့ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ပြီးတာနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် နိုင်ငံရေးပုဒ်မတွေကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ပြန်လွှတ်ပေးတာ ရှိခဲ့ဖူးတယ်။ န၀တ လက်ထက်မှာလည်း ၁၁/၉၁ လို ဟာမျိုးတွေ အမိန့်ကြေညာချက်တွေနဲ့ လွှတ်ပေးခဲ့တာ ရှိပါတယ်” ဟု သူတွေ့ကြုံဖူးသည့် အမိန့်ကြေညာချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်များကို ပြောပြခဲ့ပြီးနောက် သမ္မတကြီး အနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု ပြောကြားခဲ့သည့် အပေါ်တွင် စောင့်ကြည့်နေပြီး သမ္မတမှ အမိန့်ကြေညာချက် တစ်ရပ်ကို ဒီနှစ်ကုန်တွင် ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး၏ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း လန်ဒန်မြို့တွင် ယခုနှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည့်အကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် EU အဖွဲ့၏ နိုင်ငံရေးကဏ္ဍတွင် တာဝန်ယူထားသည့် Tom Lamberg က နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် ဒီဇင်ဘာ ပထမပတ် အတွင်းက တွေ့ဆုံစဉ် ၎င်းတို့အနေနှင့် စောင့်ကြည့်နေသည့် အကြောင်းလည်း ပြောကြားခဲ့သည်။ ထိုသို့သော အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့မှ ဦးမြင့်အောင်က “ကျွန်တော်တော့ မျှော်လင့်နေပါတယ်။ သမ္မတကြီးအနေနဲ့ တရားဝင် ပြောကြားထားတဲ့ စကားဖြစ်လို့ တတ်နိုင်သမျှ ကြိုးစားမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိစ္စက တကယ်တော့ ခက်ခဲပါတယ်။ စစ်အစိုးရ လက်ထက်တစ်လျှောက် ထောက်လှမ်းရေးတွေက တရားဥပဒေကို သူတို့လိုသလို လုပ်ခဲ့ကြတာဖြစ်လို့ အခုအစိုးရ လက်ထက်မှာ ရှင်းရတဲ့ အခါကျတော့ ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးတယ် ဆိုပြီးတော့ မလုပ်လို့ မရတဲ့အခါမှာ သမ္မတကြီး အနေနဲ့ သတိထား ဆောင်ရွက်နေတာ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားလိုက်ပြီး နိုင်စစ်ကော်မတီဝင်များ အနေနှင့်လည်း ထိုအခက်အခဲများအား ကူညီဖြေရှင်း နိုင်လိမ်မ့ည်ဟု မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့သည်။

ကျွန်တော်တော့ မျှော်လင့်နေပါတယ်။ သမ္မတကြီးအနေနဲ့ တရားဝင် ပြောကြားထားတဲ့ စကားဖြစ်လို့ တတ်နိုင်သမျှ ကြိုးစားမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိစ္စက တကယ်တော့ ခက်ခဲပါတယ်။ စစ်အစိုးရ လက်ထက်တစ်လျှောက် ထောက်လှမ်းရေးတွေက တရားဥပဒေကို သူတို့လိုသလို လုပ်ခဲ့ကြတာဖြစ်လို့ အခုအစိုးရ လက်ထက်မှာ...

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးသိန်းညွန့်ကလည်း ၎င်းအနေဖြင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားအားလုံး ကုန်ဆုံးစေရန်အတွက် လက်ရှိတရား စွဲဆိုထားသည့် သူများအား အမှုမှ ပလပ်ပေးနိုင်ရန် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်တစ်ရပ်ကို ရေးဆွဲပြီး သက်ဆိုင်သူများထံသို့ တင်ပြထားခဲ့ရာ ယခုအခါတွင် ထိုအချက်နှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှုများလည်း ရှိနေသဖြင့် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်မည်ဟု မျှော်လင့်ကြောင်းနှင့် သမ္မတကြီး အနေနှင့် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမည်ဟု ယုံကြည်ချက်ရှိကြောင်း ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအနေနှင့် တရားစွဲဆိုထားသည့် အမှုများအား ပလပ်ပေးရန် အတွက်လည်း တောင်းဆိုထားပြီး ယခုနှစ်ကုန်တွင် သမ္မတထံမှ အမိန့်ကြေညာချက် တစ်ရပ်လည်း ထွက်လာဖွယ် ရှိကြောင်း အစိုးရနှင့် နီးစပ်သည့် သူများက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး AAPP မှ ဦးတိတ်နိုင်က “အခုရှိနေတဲ့ လူတွေအကုန်လုံးကို လွှတ်လိုက်ပေမယ့်လည်း ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို မဖျက်သိမ်းရင်လည်း ကာလအတိုင်းအတာ တစ်ခုထိပဲ နိုင်ငံရေး အကျဉ်းသားကုန်မယ်။ နောက်ထပ်ရှိလာ မှာပဲဖြစ်တယ်။ ဒါကြောင့် ပုဒ်မ ၁၈လို၊ ၅၀၅(ခ)၊ ၅၀၅(ဂ) လို ပုဒ်မတွေကို ဖျက်သိမ်းပစ်ရပါမယ်။ အင်္ဂလိပ်ခေတ် ကတည်းက ရှိနေခဲ့တဲ့ ၅(ည)လို၊ ၁၇(၁)၊ ၁၇(၂) လို နိုင်ငံရေးအရ ဖိနှိပ်တဲ့ ဥပဒေတွေကိုလည်း ဖျက်သိမ်းရပါလိမ့်မယ်။ ဒါမှနောင်ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိတော့မှာပါ။ အခုအားလုံးကို လွှတ်ပေးမယ် ဆိုရင်လည်း ကြိုဆိုပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် AI ကဲ့သို့သော လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့များကလည်း ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေအပေါ်အား ပြင်ဆင်နိုင်၊ မပြင်ဆင်နိုင်ကို စောင့်ကြည့်လျက်ရှိပြီး ကုလသမဂ္ဂမှ ထုတ်ပြန်သည့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များအား လိုက်နာစေရန် လူ့အခွင့်အရေး ကြေညာစာတမ်းအား လိုက်နာပါမည်ဟူသော အချက်အား လက်မှတ်ရေးထိုးရန် အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment