address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, October 27, 2013

ကျိုက္ခမီရေလယ်ဘုရား ပွဲတော်တွင် ထိုင်းခရီးသွားများ အပါအ၀င် ဘုရားဖူးလာ ပရိသတ်များဖြင့် စည်ကား



27.10.2013

ကျိုက္ခမီမြို့ရှိ သမိုင်းဝင်ကျိုက္ခမီ ရေလယ်ဘုရားပွဲတော် ကာလဖြစ်သော သီတင်းကျွတ် လပြည့်နေ့မှ လပြည့်ကျော် (၅) ရက်နေ့အတွင်း ထိုင်းနိုင်ငံမှာ ခရီးသွားများ အပါအ၀င် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

''ခါတိုင်းနှစ်ထက်စာရင် ဒီနှစ်မှာ ဘုရားဖူးတွေ ပိုများပါတယ်။ ပြည်တွင်းက ဘုရားဖူးတွေအပြင် အခု မော်လမြိုင်-မဲဆောက် တိုက်ရိုက်လေကြောင်း လိုင်းကတစ်ဆင့် ထိုင်းနိုင်ငံက ဘုရားဖူးတွေပါ လာရောက်ဖူးမြော်ကြတာ တွေ့ရပါတယ်'' ဟု ကျိုက္ခမီရေလယ်ဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ယခင်က ထိုင်းနိုင်ငံမှ ဘုရားဖူးများ အနေဖြင့် မွန်ပြည်နယ်အတွင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့သာ ဘုရားဖူးသွားလေ့ ရှိသော်လည်း ယခုအခါ ကျိုက္ခမီ ရေလယ်ဘုရားသို့ပါ လာရောက်ဖူးမြော် နေကြပြီး ဖြစ်ကြောင်း နိုင်ငံခြားသား ဧည့်သည်များအား ခရီးသွား ၀န်ဆောင်မှုပေးနေသူ ဦးဖေသိန်းက ပြောကြားသည်။

''အဓိက စည်ကားတာက သီတင်းကျွတ် အဖိတ်နေ့၊ လပြည့်နေ့နဲ့ လပြည့်ကျော် (၁) ရက်နေ့တွေ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်၊ ဈေးပိတ်ရက်တွေဖြစ်တော့ လူကအရမ်းများတယ်။ ဘုရားဖူးတွေ နေထိုင်စားသောက်မှု အဆင်ပြေအောင် ဘုရားဂေါပကအဖွဲ့နဲ့ မြို့ခံလူတွေ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက် ခဲ့ပါတယ်။ အခမဲ့တည်းခိုနိုင်တဲ့ ဇရပ်တွေပြုပြင်တာတွေ၊ ပွဲတော်ကာလမှာလည်း စတုဒိသာ လာကျွေးတာတွေ လုပ်ဖြစ်ကြပါတယ်'' ဟု ကျိုက္ခမီမြို့ခံ တစ်ဦးဖြစ်သော ကိုအသေးလေးက ပြောကြားသည်။

''ကျိုက်ထီးရိုးဘုရား ဖူးပြီးတော့ အခုကျိုက္ခမီဘုရား လာဖူးတာပေါ့နော်။ ပိတ်ရက်ဆုံလို့ ထင်တယ်။ ကျိုက်ထီးရိုး ဘုရားမှာရော ကျိုက္ခမီဘုရားမှာပါ လူတွေအရမ်းများတယ်။ ကျိုက်ထီးရိုး ဘုရားမှာဆို ခြေချစရာတောင်မရှိလို့ နေ့ချင်းပဲ ဘုရားဖူးပြီး ပြန်ဆင်းလာရတယ်'' ဟု တောင်ငူမြို့မှ ဘုရားဖူးလာသူ အမျိုးသမီး တစ်ဦးက ဆိုသည်။ အလားတူ စက်စဲကမ်းခြေတွင်လည်း ကျိုက္ခမီ ရေလယ်ဘုရားပွဲအပြန် အပန်းဖြေသူများနှင့် အထူးစည်ကားခဲ့သည်။

''စက်စဲကမ်းခြေကို လာတဲ့လူတွေ အရမ်းများပါတယ်။ ကားတွေဆို ကျိုက္ခမီ-စက်စဲ လမ်းဆုံကနေစပြီး ပိတ်နေတဲ့ အထိကို ဖြစ်သွားတယ်'' ဟု စက်စဲကျေးရွာမှ ဦးလှရွှေက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment