3.2.2014
“၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုမြှုပ်နှံထားတဲ့ အာဇာနည်ကုန်းမှာ တောင်ကိုရီးယားနိုင်ငံက ဒီနေရာမှာ လုပ်ကြံခံခဲ့ရတဲ့ သူတို့ခေါင်းဆောင်အတွက် ဂူဗိမာန်တည်ဆောက်ခြင်းကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကန့်ကွက်ပါတယ်။ တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ ရန်ငြိုးတွေကြောင့် မြောက်ကိုရီးယားက လုပ်ကြံလို့ တောင်ကိုရီးယားခေါင်းဆောင်တွေ သေဆုံးခဲ့တာ။ ဒီလိုဖြစ်ခဲ့လို့လဲ ကျွန်တော်တို့ အာဇာနည်ခေါင်းဆောင်ကြီးတွေ မြှုပ်နှံခဲ့တဲ့ မူရင်းဗိမာန်ကလည်း ပျက်ဆီးခဲ့ရတယ်။ အခုပြန်ပြီး တည်ဆောက်ထားရတာ။ ကိုရီးယားနိုင်ငံကို ဗိမာန်တည်ဆောက်ခွင့်ပြုလိုက်ရင် နောင်လာနောက်သားကလေးတွေက လွတ်လပ်ရေးကိုရယူပေးခဲ့တာ ကိုရီးယားနိုင်ငံခေါင်းဆောင်တွေပါ ပါဝင်တယ်လို့ ထင်ကြလာလိမ့်မယ်။ ဗုဒ္ဓဘာသာတွေရဲ့ အယူဝါဒအရ ကြည့်မယ်ဆိုရင်လည်း ရွှေတိဂုံဘုရား မြောက်ဘက်မြေနေရာမြတ်မှာ အာဇာနည်ခေါင်းဆောင်တွေကို မြှုပ်နှံခဲ့ခြင်းက နောက်ဘ၀ လူပြန်ဖြစ်ပြီး နိုင်ငံအကျိုး ပြန်လည်ဆောင်ရွက်နိုင်အောင်လို့ဆိုတဲ့ အယူအဆနဲ့ မြှုပ်နှံထားခြင်းလည်းဖြစ်တယ်” ဟု တစ်ကိုယ်တော်ဆန္ဒပြခဲ့သူ ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ တစ်ကိုယ်တော် ဆန္ဒပြပွဲ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့စည်းများထံသို့ ခွင့်ပြုမိန့်တင်သော်လည်း ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး တောင်ကိုရီးယားနိုင်ငံမှ အာဇာနည်ကုန်းတွင် ယင်းသို့ဆောက်လုပ်မည့် သတင်းမှာ သေချာမှုမရှိသေး၍ဟုဆိုကာ ခွင့်ပြုမိန့်မပေးခဲ့ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယင်းကဲ့သို့ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားနိုင်ငံက အာဇာနည်အထိမ်းအမှတ် အဆောက်အဦ ဆောက်မည်ဆိုပါ မိမိအနေဖြင့် သဘောမတူကြောင်းကို ပြည်သူ့လွှတ်တော် အစည်းအဝေးမတိုင်မီ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဇန်န၀ါရီ ၂၁ ရက်ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားသည်။
ထိုသို့ ခွင့်ပြုချက် အမိန့်တစ်စုံတစ်ရာ မရှိဘဲ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သူ ဒီမိုကရေစီအင်အားစုဖွဲ့မှ ဦးဇော်ဝင်းအား ဖေဖော်ဝါရီ ၂ ရက်တွင် ကျောက်တံတားမြို့မ ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
Eleven Media Group
No comments:
Post a Comment