address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 14, 2014

လိုင်စင်မဲ့ဆိုင်ကယ်များ ရက် ၉၀ စီမံချက်ဖြင့် လိုင်စင်ထုတ်ပေးမည်


14.2.2014

အစိုးရရုံးပိတ်ရက်များ မထည့်သွင်းဘဲ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ရက်ပေါင်း ၉၀တိတိ စီမံချက်ကာလ သတ်မှတ်ပြီး တရားမ၀င် မော်တော်ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးမည်ဟု ရထားပို့ဆောင်ရေး ၀န် ကြီးဌာန ဒု-၀န်ကြီးဦးချန်မောင်က ဖေဖော်ဝါရီ ၁၃ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အသိပေး ပြောဆိုသည်။

ယခုအကြိမ်သည် န၀မအကြိမ်မြောက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆိုင် ကယ်အစီးပေါင်း ၂,၈၃၃,၃၀၉ စီး လိုင်စင်ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကာ အခွန်ငွေ ၂၇၈ဒသမ၁၈၇ ဘီလီယံ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ စီမံချက်ကို ကုန်းလမ်းပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေး၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း ပြီး (OSS – One Stop Service) စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

တရားဝင်လိုင်စင် ပြုလုပ်မှုများကို အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအတွက် သတ်မှတ်ထား သော နှုန်းထားအတိုင်း ကောက်ခံသွားမည်ဟု သိရသည်။ သို့သော် လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ရှိသူ ပြည်သူအချို့ကမူ ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည့် ပေါက်ဈေးနှုန်းအတိုင်း ကောက်ခံမည်ဆိုပါက မျှတမှုမရှိနိုင်ဟု မဇိ္ဈမကို ပြောသည်။

“အပြင်ပေါက်ဈေးနဲ့ ကညနက သတ်မှတ်တဲ့ဈေးက လေးသောင်းကျော်လောက်ကွာနေတော့ ကျွန်တော် ၀ယ်ထားတဲ့ ဆိုင်ကယ်ပြန်ရောင်းရမလို ဖြစ်နေတယ်”ဟု တရားဝင်မော်တော်ဆိုင်ကယ် လိုင်စင်လျှောက် ထားရန် စီစဉ်နေသူ ပျဉ်းမနားမြို့နေ ကိုဇာနည်က ပြောသည်။

ပျဉ်းမနားမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ရွှေမြင့်မိုရ် ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ကိုချစ်စမ်းမောင် ကလည်း အစိုးရသတင်းစာပါ မော်တော်ဆိုင်ကယ် အခြေခံသတ်မှတ်ဈေးနှုန်းများသည် ပြင်ပ ပေါက်ဈေး ထက်များနေသည်ဟု ဝေဖန် ပြောဆိုသည်။

“ ဆိုင်ကယ်လိုင်စင်တွေ ထုတ်ပေးမယ် သတင်းကြားတော့ အခုရက်ပိုင်း without တွေပိုပြီး ၀ယ်လာကြ တယ်။ အရင်က မရောင်းရဘူး။ လိုင်စင်ပါပြီးသား ဆိုင်ကယ်တွေပဲ အရောင်းအ၀ယ် ဖြစ်တယ်၊။ ကြေးမုံ သတင်းစာမှာပါတဲ့ ဈေးနှုန်းတွေက ကမ်ဘို၊ လော့ဂျာတို့လို နာမည်ရှိတဲ့ ဆိုင်ကယ်ဈေးတွေကို အခြေခံ ယူပြီး အခွန်ကောက်တာ ဖြစ်မယ်။ ဒါပေမဲ့ ဈေးများနေတယ်။ နာမည်သိပ်မရှိတဲ့ ကွက်ပျောက်ဆိုင်ကယ် တွေနဲ့ ယှဉ်လိုက်ရင် သတ်မှတ်ဈေးက တော်တော်များတယ်” ဟု ၄င်းက ရှင်းပြသည်။

အစိုးရကမူ စီမံချက်ကာလတွင် သတ်မှတ်ထားသည့် ကာလတန်ဖိုး၏ အကောက်ခွန် ငါးရာခိုင်နှုန်း၊ ကုန် သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်း ကောက်ခံရန် စီစဉ်ထားသည်။

ထို့ပြင် အာမခံပရီမီယံကြေးနှင့် ဘဏ်ဆောင်ရွက်ခစုစုပေါင်းကျပ် ၂,၃၀၀၊ ယာဉ်မှတ်ပုံတင်ကြေး ကျပ် ၂၂,၀၀၀ ထည့်သွင်း ကောက်ခံမည်ဖြစ်သည်။

ရရှိလာသည့် အခွန်ငွေများထဲမှ ၂၅ရာခိုင်နှုန်းကို တိုင်း၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေများသို့ လွှဲပြောင်းပေးရန် စီစဉ်ထားသည်ကိုလည်း ဒု-၀န်ကြီး၏ရှင်းပြမှု၌ တွေ့ရသည်။

Mizzima

No comments:

Post a Comment