1.4.2014
ဒေသခံပြည်သူများအား တစ်အိမ်တစ်ယောက်နှုန်းဖြင့် တပ်သားသစ်များ စုဆောင်းနေသော ပလောင်လွှတ်မြောက်ရေး တပ်မတော်(PNLO)၏ အမိန့်ကိုကြောက်ရွံ့ပြီး ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်ရှိသော နမ့်စမ်မြို့နယ် တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား မိသားစုများသည် လားရှိုးမြို့နယ်အတွင်းသို့ ပြောင်းရွေ့ထွက်ပြေးလာကြပြီး မိသားစုဝင်များ တဖြည်းဖြည်းများပြားလာလျှက်ရှိကြောင်း သိရှိရသည်။
“ကျွန်တော်တို့တာလတ်ကျေးရွာမှ ပလောင်လူမျိုးနဲ့ လီဆူးတိုင်းရင်း သားတွေက အများဆုံးနေထိုင်ကြပါတယ်။ ပလောင်လွတ်မြောက်ရေး တပ်မတော်ကရွာမှာရှိတဲ့ မိသားစုတစ်စုဆီကို တစ်အိမ်ထောင် တစ်ယောက်နှုန်း မဖြစ်မနေစစ်မှုထမ်းရမယ့် အမိန့်ကိုထုတ်ပြန်ခဲ့လို့ အဲ့ဒီအမိန့်နဲ့ ပတ်သက်ပြီး အသနားခံတင်ပြခဲ့တဲ့ ကျွန်တော်တို့ရွာက လီဆူးတိုင်းရင်းသားနှစ်ဦးဖြစ်တဲ့ ဦးမောင်စိန်နဲ့ဦးစိုင်းမြင့်အောင် တို့ကို ခေါ်ဆောင်သွားပြီး ရွာအပြင်မှာရှိတဲ့ ခြံထဲကလက်ဖက်ပင်မှာ ကြိုးနဲ့ချည်ပြီး သတ်ပစ်ခဲ့ကြပါတယ်။ ရွာသားတွေအားလုံးလည်း လန့်ကုန်ပြီးအခုလို တစ်အိမ်ပြီးတစ်အိမ် ထွက်ပြေးလာခဲ့ကြတာ အီနှိုင်းကျေးရွာမှာကျွန်တော်တို့ရွာသားတွေ ဒီတစ်နှစ်အတွင်းအိမ်ထောင်စု ငါးဆယ်နဲ့လူဦးရေ အားဖြင့် သုံးရာလောက် ရောက်ရှိနေပါတယ်”ဟု ထွက်ပြေးလာသော လီဆူးတိုင်းရင်းသား လူငယ်တစ်ဦးက ပြောသည်။
အဆိုပါဒုက္ခသည်များရောက်ရှိခိုလှုံလျှက်ရှိသော အီနှိုင်းကျေးရွာသည် လားရှိုးမြို့နှင့်နမ္မတူသွား ကားလမ်းနဘေးတွင် တည်ရှိသောတိုင်းရင်းသား လူမျိုးစုံနေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်ပြီး ရွာတွင်ရောက်ရှိနေသော ဒုက္ခသည်အားလုံးကိုလည်း ရွာ၏ရပ်မိရပ်ဖများအုပ်ချုပ်ရေးမှူးများ၊ ရွာသူရွာသားများ စုပေါင်းပြီး ၀ိုင်းဝမ်းစောင့်ရှောက်ကူညီမှုကြောင့် အလုပ်အကိုင်နှင့် စားသောက်ရေး အဆင်မပြေသော်လည်း ဖြစ်သလို ရပ်တည်နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။
“အခုလိုထွက်ပြေးလာတဲ့တိုင်းရင်းသားတွေရဲ့အခြေအနေကျွန်တော့်အနေနဲ့မျက်မြင်တွေ့ရတော့ကျွန်တော်တို့တအာင်းပလောင်လူငယ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့လုပ်ရပ်ကိုရှုတ်ချပါတယ်လူသတ်မှုနဲ့ပတ်သက်ပြိးဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကိုတော့ကျွန်တော်တို့ပိုပြီးသေချာအောင်နမ့်စမ်ဒေသကိုသွားရောက်စုံစမ်းပြီးသတင်းထုတ်ပြန်ပေးပါ့မယ်”ဟု တအာင်းပလောင် လူငယ်(TYA)လားရှိုးမှ ကိုမိုင်းကောင်းစံက ပြောသည်။
ထိုကဲ့သို့လက်နက်ကိုင် တပ်သားသစ်များ စုဆောင်းနေမှုကြောင့် ကွတ်ခိုင်မြို့နယ် တာမိုးညဲပတ်ဝန်းကျင်ရှိ နမ္မလင်းကျေးရွာမှ လီဆူးတိုင်းရင်းသား အများစုမှာလည်း မတ်လ(၂၄)ရက်နေ့မှ စတင်ပြီးလားရှိုးမြို့နယ် ခါးသျှိကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာ လျှက်ရှိနေကြောင်းကိုလည်း သတင်းရရှိသည်။
The Myanma Age
No comments:
Post a Comment