1.4.2014
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဧပြီလဆန်းတွင် ထပ်မံပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ပါဝင် တက်ရောက်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင် ဧပြီလ ၅ ရက်မှ ၇ ရက်နေ့အထိ ပြုလုပ်ရန် လျာထားသော အဆိုပါ အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲသို့ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ဆွေးနွေးဆဲ ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ပလောင်ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (PSLF) တို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အစိုးရဘက်ကလည်း လွှတ်တော်၊ တပ်မတော် စုံစုံလင်လင် ပါမယ်။ ဘားအံ ဆွေးနွေးပွဲအတွက် အဖြေတစ်ခု ထွက်နိုင်တယ်” ဟု ၎င်းကဆိုသည်။
မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ပြုလုပ်မည့် အဆိုပါ အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းတင်ပြသော အပစ်ရပ်မူကြမ်းနှင့် အစိုးရက အဆိုပြုထားသော အပစ်ရပ် မူကြမ်းတို့ကို မူကြမ်းတစ်ခုအဖြစ် ပေါင်းစပ် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့များက ပြောဆိုထားသည်။
ယင်းအတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ (NCCT) အစည်းအဝေးကို အစိုးရနှင့် မတွေ့ဆုံမီ ကျင်းပမည်ဖြစ်ပြီး အဖွဲ့အသီးသီးက ပြန်လည် တင်ပြသော အပစ်ရပ်မူကြမ်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ အဆိုပါ အချက်များမှာ လော်ခီးလာ မူကြမ်းပေါ်၌သာ အခြေခံမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ပြောဆိုသည်။
အစိုးရနှင့် ယုံကြည်မှု အခိုင်မာဆုံး အဖွဲ့တစ်ခုဟု သတ်မှတ်ခံထားရသော ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း NCCT အစည်းအဝေးတွင် တင်ပြရန် အခန်းခုနစ်ခန်းပါ အပစ်ရပ်မူကြမ်း တစ်ရပ်ကို မတ်လ နောက်ဆုံးပတ်တွင် ပြုလုပ်သည့် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတွင် ရေးဆွဲခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
မတ်လဆန်းတွင် MPC ၌ ပထမအကြိမ် တွေ့ဆုံသည့် အစိုးရနှင့် NCCT ဆွေးနွေးပွဲသို့ တပ်မတော် ထိပ်တန်းခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ပြီး တပ်မတော်၏ ငြိမ်းချမ်းရေး လိုလားမှု သဘောထားကို ထင်ထင်ရှားရှား ပြသခဲ့ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက မှတ်ချက်ပြုခဲ့သည်။
The Voice Weekly
No comments:
Post a Comment