address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 8, 2014

ကော်မတီအတွင်း သဘောကွဲနေသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနည်းလမ်း နှစ်ပတ်အတွင်း အပြီးညှိမည်


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပြန်လည်မစတင်မီ နှစ်ပတ်အလို မေ ၁၅ ရက်မှစ၍ ကော်မတီအတွင်း သဘောကွဲနေသည့် ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရန်နည်း လမ်းကို အပြီးသတ် ညှိနှိုင်းရန် နေ့စဉ်ဆွေး နွေးသွားမည်ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော် မှု ကော်မတီအဖွဲ့ဝင် အချို့က မဇ္ဈိမကို ပြောသည်။

“ဘယ်ပုဒ်မက စပြင်ကြမလဲဆိုတာ အခုထိ ညှိမရသေးဘူး။ နာယကကြီးကရော၊ ပြင်ပအင်အားစုတွေ ကရော အခန်း ၁၂ (ဖွဲ့စည်းပုံပြင်ဆင်ရေးအခန်း) ပုဒ်မ ၄၃၆ ကို အရင်ပြင်ဖို့ ပြောကြပေမယ့် အခန်း(၁) ကစပြီး တစ်ဆင့်ချင်းပြင်ချင်တယ်ဆိုတဲ့သူတွေက များနေတယ်”ဟု ကော်မတီဝင်တစ်ဦးက ပြောသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားသည့် အဆိုပါကော်မတီ၏ သက်တမ်းသည် သုံးလကျော်ပြီဖြစ်သော်လည်း အခြေခံလုပ်ငန်းစဉ်ကို ချမှတ်နိုင်ခြင်း မရှိသေးပေ။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကိုယ်တိုင် “ဇဝေဇ၀ါဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ လုပ်တော့ လုပ်နေတယ်။ ရလဒ်အကျိုးကတော့ မတွေ့ရသေးဘူး”ဟု မတ်လအတွင်း ကော်မတီအပေါ် ဝေဖန်ထားပြီးဖြစ်သည်။

၎င်းက အဆိုပါ ကော်မတီကို အခန်း (၁၂)ပါ ပုဒ် ၄၃၆ ကို ဆောလျင်စွာသုံးသပ်ရန်၊ တပ်မတော်၏ အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေရန် စသည်တို့ ပါဝင်သည့် မူဘောင်များပေးပို့ ညွှန်ကြားပြီးလည်းဖြစ်သည်။

သို့သော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၄ ဦး၊ တပ်မတော်သား ခုနစ်ဦး အပါအ၀င် စုစုပေါင်း ၃၁ ဦး ပါဝင်သည့် ကော်မတီတွင် အခန်း(၁)၊ ပုဒ်မ(၁)မှစ၍ ပြင်ရန် ဆန္ဒရှိသူ အများစုဖြစ်နေသည်ဟု ကော်မတီဝင်အချို့၏ ပြောဆိုချက်အရ သိရသည်။

“လူနည်းနည်းလေးနဲ့ဖွဲ့ထားတဲ့ ကော်မတီတောင် ဘယ်ကစမလဲဆိုတာ ညှိမရသေးဘူး။ ဖွဲ့စည်းပုံပြင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ ၇၅ ရာခိုင်နှုန်းတောင်ကျော်ဖို့ လွယ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကိုတောင် ဘေးချိတ်ထားရတယ်။ လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ဖို့ အရေးကြီးပြီ”ဟု ကော်မတီဝင်တစ်ဦးက ပြောသည်။

လေးပွင့်ဆိုင် တွေ့ဆုံရေးဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားခြင်းဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ် လွယ်ကူချောမွေ့ရန် ရည်ရွယ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ယင်းတွင် ဆွေးနွေးဖက်တစ်ဦးအဖြစ် ပါဝင်သည့် ပြည်ထောင်စုလွှတ်တော် နာယက က လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအရ လေးပွင့်ဆိုင်တွေ့ဆုံရေး လိုအပ်သည်ဟု ယုံကြည်ကြောင်း မဇ္ဈိမကို ထုတ်ဖော်ပြောဆိုထားသည်။

သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကမူ ယင်းအရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး အစီရင်ခံစာ ထွက်ရှိချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူမှ တစ်ဆင့် ၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မဇ္ဈိမသို့ ထုတ်ဖော်ပြောဆိုသည်။ သို့သော် အဆိုပါ အစီရင်ခံစာ ထွက်ရှိပြီး လေးလကျော်ပြီးချိန်အတွင်း မည်သို့မှ ထပ်မံတုံ့ပြန်ခြင်း မရှိသေးပေ။

“အခန်း(၁)က စပြင်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံကို မပြင်ဘူးလို့ ပြောနေသလိုပါ ပဲ” ဟု အခြားသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင်တစ်ဦးက သုံးသပ်သည်။ အများစုက ဖွဲ့စည်းပုံကို ပြင်ဆင်ရေး အခန်း(၁၂) ပုဒ်မ ၄၃၆ မှ စပြင်ရန် ဆန္ဒရှိနေချိန်တွင် ယင်းသို့ သဘောထားခြင်းသည် နိုင်ငံရေးအကျပ်အတည်းသို့ ဦးတည်နိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပါ သတ်မှတ်နည်းလမ်းများအရ ဖွဲ့စည်းပုံပြင်ရန် အနိမ့်ဆုံးအားဖြင့် လွှတ်တော်တွင်း ထောက်ခံမှု ၇၅ ရာခိုင်နှုန်းကျော် ရရန်လိုအပ်မည်ဖြစ်သည်။ သမ္မတအရည်အချင်း သတ်မှတ်ချက်၊ တပ်မတော် အခန်းကဏ္ဍ စသည့် အရေးကြီးသော ပြဋ္ဌာန်းချက်များ ပြင်ဆင်လိုလျှင်မူ အဆိုပါ လွှတ်တော်တွင်း ထောက်ခံမှုအပြင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် လိုအပ်မည်ဟု သတ်မှတ်ထားသည်။

ထိုကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး လွယ်ကူစေရန် ပုဒ်မ ၄၃၆ကို ဦးစွာပြင်သင့်သည်ဟု နိုင်ငံရေး အင်အားစုတို့က ဆန္ဒထုတ်ဖော်၍ပင် တောင်းဆိုနေကြသည်။ ပြည်ခိုင် ဖြိုးကိုယ်စားလှယ် ၅၂ ရာခိုင်နှုန်း၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အများဆုံးပါဝင်သည့် ပြည်ထောင်စုလွှတ်တော်အတွင်း ဖွဲ့စည်းထားသော ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ၎င်း၏လုပ်ငန်းများကို အဆုံးသတ်ရမည်လည်းဖြစ်သည်။

News in Burmese

No comments:

Post a Comment